ဘုတလင်တွင် မိုးကြိုးပစ်၍ ပြည်သူ ၂ ဦးသေဆုံး
ရန်ကုန်၊ မေ ၅
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် ၂ ရက်ဆက် လေပြင်း တိုက်ခတ်ပြီး မိုးကြိုးထိမှန်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံး ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
မေလ ၁ ရက် နှင့် ၂ ရက်နေ့တွင် ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိုးသက်လေပြင်း တိုက်ခတ်ပြီး မိုးကြိုးထိမှန်ခြင်းကြောင့် ကံသစ် အနောက်တောရွာနှင့် အုပ်အိုင်ရွာမှ ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
မေလ ၁ ရက်နေ့မှစပြီး စစ်ကိုင်းတိုင်းအတွင်းရှိ ဘုတလင်မြို့နယ်၊ မုံရွာမြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ ကနီမြို့နယ်နှင့် ဒီပဲယင်း မြို့နယ်တို့တွင် မိုးသက် လေပြင်း တိုက်ခတ်ခဲ့ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် မုံရွာမြို့ ထန်းတော၊ မြဇီးခြံ ရပ်ကွက်မှ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း မေလ ၁ ရက် ညနေပိုင်းတွင် မိုးသက်လေပြင်း တိုတ်ခတ်ခြင်းကြောင့် အိမ်အမိုး သွပ်ပြားထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်



