ရန်ကုန်၊ ဧပြီ ၂၄
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသော ရဲစခန်းအနီးတွင် ယမန်နေ့ ဧပြီလ ၂၃ ရက် နေ့လယ် ၁ နာရီခန့်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားပြီး စစ်သား အနည်းဆုံး ၁ ဦး သေဆုံးကြောင်း၊ ရဲစခန်းမှ ရမ်းသန်းပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး တံခွန်တိုင်ကျေးရွာနေ ပြည်သူ အမျိုးသမီး ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရှိရသည်။
“မနေ့ မွန်းလွဲ ၁နာရီ ဖြစ်ကြတာ။ စစ်တပ်က ပစ်နေတာ ရွာသား ထိတယ်။ တံခွန်တိုင် ရဲစခန်းပဲ။တစ်နေ့ညကလည်း အဲဒီနေရာကပဲ လက်နက်ကြီးနဲ့ ၃ ချက်ပစ်တယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ယမန်နေ့ တိုက်ပွဲသည် ၂ နာရီကျော်ကြာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရဲစခန်းအရှေ့ကားလမ်းမှ ဖြတ် သန်းသွားလာသည့် အများပြည်သူပိုင် ကား ၁ စီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် အချက်ပေါင်းများစွာပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲ ဖြစ်ပွားပြီးနောက် မုဒုံ-တံခွန်တိုင်-ကြာအင်းဆိပ်ကြီး ကားလမ်းကို ယာယီပိတ်ထားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ယမန်နေ့ညပိုင်း ဘားအံမြို့နယ်နှင့်ဘီးလင်းမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရပြီး စစ်ဘေးရှောင်ပြည်သူများစွာ ထွက်ပြေးနေရသည်ဟု သိရှိရသည်။
“မနေ့က ညက ဝါးပိုးတော-ဖာပွန် လမ်း ဝဲပျံဆိုတဲ့ရွာရှိတယ်။ အဲဒီရွာတစ်ဝိုက်မှာ တိုက်ပွဲဖြစ်ကြတာ” ဟု ဘားအံဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် ဘီးလင်းမြို့နယ်တွင် ဧပြီလ ၂၃ ရက်နေ့ နောက်ဆုံးထား၍ စစ်ကောင်စီ ၏ လေးကေနှင့် ဝင်းတာပန်စခန်းများကို ဆုတ်ခွာရန် KNU က သတိပေးထားသော်လည်း စစ်တပ်က မဆုတ်ခွာ၍ ယမန်နေ့ညပိုင်း တိုက်ပွဲများဖြစ်ပွားကြောင်း သိရှိရသည်။
“မနေ့ညက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ စစ်တပ်က ရွာဘက်တွေကို ပစ်တာ။ အဲဒါ မနေ့ ညနေပိုင်းကတည်းက ပြည်သူတွေ အကုန်ထွက်ပြေးနေရတယ်။ ဝါးဘိုးတော၊ ညောင်ကုန်း၊ ပိန္နဲတော၊ နောင်ကတုတ်၊ မိကျောင်းအိုင် အဲဒီဘက်တွေက ပြည်သူတွေ တချို့လည်း ပြေးကုန်ပြီ တချို့လည်း အခြေ အနေ ကြည့်နေကြတယ်။ မနေ့ညက ပစ်ခတ်မှုကတော့ တစ်မြို့လုံးကြားနေရတာ။ တိုက်ပွဲက ရွှေရောင်ပြလို နေရာမျိုးမှာလည်း အချိန်မရွေးဖြစ်လာနိုင်တယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။
![](https://yktnews.com/wp-content/uploads/2022/04/FB_IMG_1650766112595.jpg)
![](https://yktnews.com/wp-content/uploads/2022/04/FB_IMG_1650766114627.jpg)
![](https://yktnews.com/wp-content/uploads/2022/04/FB_IMG_1650766116607.jpg)