ချင်းပြည်၊ မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်တပ်ဖွဲ့များက စတင်တိုက်ခိုက်နေပြီး ရဲစခန်းနှင့်ထွေ/အုပ်ရုံးတို့ကို စတင်သိမ်းပိုက်ကာ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲ ခုခံနေ
ရန်ကုန်၊ ဇွန် ၁၄
ချင်းပြည်၊ မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်တပ်ဖွဲ့များက စတင်တိုက်ခိုက်နေပြီး မတူပီမြို့မ ရဲစခန်းနှင့် ထွေ/အုပ်ရုံးတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ချင်းညီနောင်တပ်ဖွဲ့တွင် ပါဝင်သော ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်
ချင်းပြည် မတူပီမြို့ မြို့တွင်းစစ်ဆင်ရေးတွင် ချင်းညီနောင်တပ်ဖွဲ့များအပြင် AAကလည်း ပါဝင်ကူညီမှုများရှိနေပြီး လက်ရှိချိန်အထိ မြို့မ ရဲစခန်းကို စတင်သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် ထွေ/အုပ်ရုံးကိုလည်း ၀ိုင်းထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားကြောင်း၊ စစ်တပ်ဘက်မှ လေကြောင်းပစ်ကူများဖြင့် ဗုံးကျဲသဖြင့် မတူပီမြို့အတွင်းတွင် ပျက်စီးမှုများ ရှိနေကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။
ဇွန်လ ၉ ရက်နေ့မှစတင်ပြီး ချင်းညီနောင်တပ်ဖွဲ့များက မတူပီမြို့အတွင်းသို့ ထိုးဖောက်ဝင်ရောက် ခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၁၃ ရက်နေ့တွင်မူ ချင်းညီနောင်တပ်ဖွဲ့အနေဖြင့် မတူပီမြို့ စစ်ဆင်ရေး ဆင်နွှဲနေကြောင်း၊ ချင်းညီနောင် စစ်ဆင်ရေး Operation CB အဖြစ် စစ်ဆင်ရေး ဖော်ဆောင်နေခြင်းဖြစ်ပြီး YAW Army အပါအဝင် အခြားမဟာမိတ်တပ်ဖွဲ့များနှင့်အတူ မတူပီမြို့အတွင်းရှိ စစ်ကောင်စီစခန်းများကို စတင်တိုက်ခိုက်ထိုးစစ်ဆင်နေကြောင်း၊ လက်ရှီအချိန်အထိ နှစ်ဖက် တိုက်ပွဲများ ပြင်းထန်နေကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။
“မတူပီမြို့သိမ်းတိုက်ပွဲလို့ ပြောလို့ရတယ်။ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကျဲတာတွေ တောက် လျှောက် ရှိနေပါတယ်။ AA လည်းပါတယ်။ အခြားမဟာမိတ်တပ်ဖွဲ့တွေလည်းပါတယ်” ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုက ပြောဆိုသည်။
ဓာတ်ပုံ- CNDF တပ်ဖွဲ့ဝင်တချို့ ။ (ပုံအဟောင်းဖြစ်ပါသည်။)