မတူပီတိုက်ပွဲတွင် စစ်တပ်အရာရှိ ဗိုလ်ကြီးအောင်သူရှိန် အပါအဝင် စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံး
ရန်ကုန်၊ ဇွန် ၁၇
ချင်းပြည်နယ်၊ မတူပီတိုက်ပွဲတွင် ဗိုလ်ကြီးအောင်သူရှိန် အပါအဝင် စစ်ကောင် စီဘက်မှ ၄ ဦးသေဆုံးကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
ဇွန်လ ၁၆ ရက်နေ့ မတူပီမြို့တွင် ချင်းတော်လှန်ရေးတပ်များနှင့်စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် ဗိုလ်ကြီးအောင်သူရှိန် သေဆုံးသွားပြီး အခြားစစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးလည်း သေဆုံးကြောင်း၊ ဗိုလ်ကြီးအောင်သူရှိန်နှင့်စစ်သား ၃ ဦးသည် စစ်တပ်၏ ကာကင်းစခန်းကို ချင်းတော်လှန်ရေး တပ်များက တိုက်ခိုက်သိမ်းပိုက်စဉ် သေဆုံးခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
“မတူပီမှာ မနေ့တိုက်ပွဲမှာ ဗိုလ်ကြီးအောင်သူရှိန်ကျသွားတယ်။ ဗိုလ်ကြီးအောင်သူရှိန်က ၂၀၂၁ ခုနှစ် အစပိုင်း မတူပီမှာ တိုက်ပွဲတွေ စဖြစ်တဲ့အချိန်မှာတုန်းက ဒဏ်ရာရခဲ့တယ်။ မနေ့က ချင်းတပ်တွေ မတူပီက တပ်ကို ဝင်တိုက်တော့ ကာကင်းမှာ သူကျတာ။ သူနဲ့အတူ အခြားစစ်သည် ၃ ဦးပါ ကျဆုံးတယ်” ဟု စစ်တပ်သတင်းရင်းမြစ်က ရှင်းပြသည်။
ချင်းပြည်၊ မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်တပ်ဖွဲ့များက စတင်တိုက်ခိုက်နေပြီး မတူပီမြို့မ ရဲစခန်းနှင့် ထွေ/အုပ်ရုံးတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ချင်းညီနောင်တပ်ဖွဲ့က ဇွန်လ ၁၄ ရက်နေ့တွင် ကြေညာခဲ့သည်။
ချင်းပြည် မတူပီမြို့ မြို့တွင်းစစ်ဆင်ရေးတွင် ချင်းညီနောင်တပ်ဖွဲ့များအပြင် AAကလည်း ပါဝင်ကူညီမှုများရှိနေပြီး လက်ရှိချိန်အထိ မြို့မ ရဲစခန်းကို စတင်သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် ထွေ/အုပ်ရုံးကိုလည်း ၀ိုင်းထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားကြောင်း၊ စစ်တပ်ဘက်မှ လေကြောင်းပစ်ကူများဖြင့် ဗုံးကျဲသဖြင့် မတူပီမြို့အတွင်းတွင် ပျက်စီးမှုများ ရှိနေကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။
ဇွန်လ ၉ ရက်နေ့မှစတင်ပြီး ချင်းညီနောင်တပ်ဖွဲ့များက မတူပီမြို့အတွင်းသို့ ထိုးဖောက်ဝင်ရောက် ခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၁၃ ရက်နေ့တွင်မူ ချင်းညီနောင်တပ်ဖွဲ့အနေဖြင့် မတူပီမြို့ စစ်ဆင်ရေး ဆင်နွှဲနေကြောင်း၊ ချင်းညီနောင် စစ်ဆင်ရေး Operation CB အဖြစ် စစ်ဆင်ရေး ဖော်ဆောင်နေခြင်းဖြစ်ပြီး YAW Army အပါအဝင် အခြားမဟာမိတ်တပ်ဖွဲ့များနှင့်အတူ မတူပီမြို့အတွင်းရှိ စစ်ကောင်စီစခန်းများကို စတင်တိုက်ခိုက်ထိုးစစ်ဆင်နေကြောင်း၊ လက်ရှိအချိန်အထိ နှစ်ဖက် တိုက်ပွဲများ ပြင်းထန်နေကြောင်း တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ- CNDF ရဲဘော်တချို့။