MNDAA က ထိုးစစ်ရပ်မည်ဟု ကြေညာပြီးနောက် လားရှိုးမြို့တွင် ယခုညပိုင်း လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများဖြင့် တိုက်ပွဲ ပြင်းထန်နေ၊ စစ်ကောင်စီက လေယာဉ် ဖြင့် ဗုံးကျဲပစ်ခတ်မှုများလည်းရှိ
ရန်ကုန်၊ ဇူလိုင် ၁၄
ကိုးကန့် MNDAA က ၄ ရက်ကြာ ထိုးစစ်ရပ်မည်ဟု ကြေညာပြီးနောက် လားရှိုးမြို့တွင် ယခုညပိုင်း လက် နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
MNDAA က ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့ ည ၁၂ နာရီမှ ဇူလိုင်လ ၁၈ ရက်နေ့ ည ၁၂ နာရီအထိ ထိုးစစ်များအားလုံးကို ရပ်တန့်ထားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတွင် ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ်မြောက် အစည်းအဝေးရှိသဖြင့် MNDAA ၏ ထိုးစစ်ရပ်နားထားခြင်းဖြစ်ကြောင်း သိရှိရသည်။
သို့ရာတွင် ယနေ့ ညပိုင်း ၁၁ နာရီအချိန်တွင် လားရှိုးမြို့နှင့် ခမရ ၅၀၇ ဘက်တွင် တိုက်ပွဲဖြစ်သံများ၊ လေယာဉ်ဖြင့် ဗုံးကျဲသံများ ဆူညံစွာ ကြားနေရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
“အခုည ၁၁ နာရီ ၁၀ မိလောက်မှာ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေရော၊ ဒုံးနဲ့ပစ်တာတွေရော ဆူညံနေတာပဲ။ ည ၁၀ နာရီကျော်လောက်ကလည်း လေယာဉ်နဲ့ ဗုံးကျဲပစ်ခတ်သံတွေလည်း ကြားနေရတယ်။ ဆင်တောင် အနောက်ဘက်ကို လေယာဉ်နဲ့ ဗုံးကျဲတာလို့ သိရတယ်။ အခုက ကုန်းမုန်နဲ့ ၄၁ ဂိတ် အသံတွေစုံနေတာပဲ။ လားရှိုးမြို့ ပတ်ပတ်လည်မှာဖြစ်နေတာလားမသိဘူး။ အထက်မန်အိုင်ဘက်မှာလည်း အသံတွေ ကြားနေရတယ်” ဟု လားရှိုးမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- ညပိုင်း မြင်တွေ့ရသည့် စစ်ကောင်စီ၏ လေယာဉ်တစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)