ရန်ကုန်၊ ဧပြီ ၂၉
စစ်ကိုင်း-မုံရွာ လမ်းပိုင်းရှိ ညောင်ပင်ဝန်း တံတားပေါ်တွင် ယနေ့ ဧပြီလ ၂၉ ရက်နေ့ မွန်းလွဲ ၂နာရီခန့်တွင် ညောင်ပင်ဝန်း ရဲစခန်းမှ အကြမ်းဖက် စစ်တပ်က ဆိုင်ကယ်စီးနင်းလာသည့် မစိုးစိုးအေးကို ပစ်သတ်ခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သော စစ်ကိုင်းတိုင်း သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။
အကြမ်းဖက် စစ်တပ် ပစ်သတ်သောကြောင့် သေဆုံးခဲ့သော မစိုးစိုးအေးသည် မြင်းမူမြို့နယ် ညောင်းရင်းရွာသူဖြစ်ပြီး ၎င်းနှင့် အတူ ဆိုင်ကယ်ပေါ် လိုက်ပါလာသည့် အဖော် ၁ဦးလည်း ကျည်ထိမှန်ကာ ဆေးရုံသို့ ပို့ဆောင်ထားရပြီး စစ်တပ်က ဖမ်းဆီးထားကြောင်း သိရသည်။
“စစ်ခွေးတွေက ကား တစ်စီးကို လိုက်ပစ်တာ အဲတာ တံတားဘေးမှာ ဆိုယ်ကယ်မောင်းလာတဲ့ မစိုးစိုးအေးတို့ကိုပါ စစ်ခွေးက ပစ်သတ်လိုက်တာ မစိုးစိုးအေးကတော့ ပွဲချင်းပြီး ဆုံးသွားတယ်။ အဖော်ပါလာတဲ့ သူတွေ ဆေးရုံပို့ထားရပြီး စစ်ခွေးတွေ ဖမ်းသွားတယ်။ ရုပ်အလောင်းကိုတော့ ၆နာရီလောက် လာကောက်သွားကျတယ်” ဟု စစ်ကိုင်းတိုင်း သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

