စစ်ကောင်စီလက်အောက်ခံ မြန်မာ့ပုလဲလုပ်ငန်းနှင့် လက်တွဲဖြုတ်ရန် ဂျပန်ကုမ္ပဏီ TASAKI အားတောင်းဆို
ဇူလိုင် ၁၉၊ ၂၀၂၄
မြန်မာစစ်ကောင်စီလက်အောက်ခံ မြန်မာ့ပုလဲလုပ်ငန်း (MEP) နှင့် ပူးပေါင်းလုပ်ကိုင်လျက်ရှိသော ပုလဲမွေးမြူထုတ်လုပ်ရောင်းချရေးလုပ်ငန်းများအား အဆုံးသတ်ရန် ဂျပန်ကုမ္ပဏီ TASAKI ကုမ္ပဏီအား Mekong Watch နှင့် Justice For Myanmar အဖွဲ့တို့က တောင်းဆိုလိုက်သည်။
လက်ရှိထုတ်လုပ်မှုဝေစုခွဲဝေရေးစာချုပ်အရ ပုလဲထုတ်လုပ်မှု၏ ၂၀-၂၅% ကို မြန်မာ့ပုလဲလုပ်ငန်းက ရရှိနေပြီး၊ အဆိုပါခွဲဝေမှုမှ ရရှိသော ဝင်ငွေအမြောက်အများကို MPE မှတစ်ဆင့် စစ်ကောင်စီက ရရှိနေသည်ဟု အဆိုပါအဖွဲ့များက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက သတင်းထုတ်ပြန် ပြောဆိုလိုက်ခြင်းဖြစ်သည်။ ထို့အပြင် စစ်ကောင်စီသည် အကောက်အခွန်ကဲ့သို့သော အခြားဝင်ငွေများနှင့် ကိုယ်တိုင်ထပ်ဆင့်ထုတ်လုပ်နိုင်ရေးအတွက် ဂျပန်ကုမ္ပဏီထံမှ နည်းပညာလွှဲပြောင်းမှု အကျိုးခံစားခွင့်ကိုလည်း ရရှိနေသည်ဟု ဆိုသည်။
စစ်ကောင်စီထိန်းချုပ်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် မြန်မာ့ပုလဲလုပ်ငန်း (MPE) ကို အမေရိကန်၊ ယူကေနှင့် ကနေဒါ နိုင်ငံတို့မှ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။
အခြားတစ်ဖက်တွင်လည်းTASAKI ကုမ္ပဏီကို FountainVest Partners နှင့် Unison Capital တို့က ပူးတွဲဝယ်ယူရန် ရည်ရွယ်နေကြောင်း Bloomberg သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
ထို့ကြောင့် TASAKI & Co., Ltd. နှင့် ၄င်းအား ပူးတွဲဝယ်ယူရန် ရည်ရွယ်နေသည့် FountainVest Partners နှင့် Unison Capital တို့ကို Mekong Watch and Justice For Myanmar အဖွဲ့တို့က စာရေးသားပေးပို့ပြီး၊ စစ်ကောင်စီနှင့် လက်တွဲဖြုတ်ရန်နှင့် မည်သည့်စီးပွားရေးကိုမှ ပူးပေါင်းလုပ်ဆောင်ခြင်း မပြုရန်တောင်းဆိုခဲ့သည်။ Mekong Watch and Justice For Myanmar တို့၏ ပေးပို့စာအပေါ် အဆိုပါကုမ္ပဏီများက တုန့်ပြန်ခဲ့ခြင်း မရှိပေ။
TASAKI & Co., Ltd ၏ လက်အောက်ခံ MYANMAR TASAKI သည် ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေးအချက်အလက်များအရ ကျပ်သန်းပေါင်း ၁၁ ဘီလီယံနီးပါး (ထိုအချိန်က အမေရိကန်ဒေါ်လာ ၈ သန်းကျော်) တန်ဖိုးရှိသည့် ပုလဲများကို မြန်မာနိုင်ငံတွင် ထုတ်လုပ်ခဲ့ပြီး အများဆုံးပုလဲထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ခဲ့သည်။ TASAKI သည် ဩစတြေးလျ၊ တရုတ်၊ ပြင်သစ်၊ ဂျပန်၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ထိုင်ဝမ်၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် အရောင်းစတိုးဆိုင်များရှိကြောင်း ၎င်းတို့၏ ဝဘ်ဆိုဒ်အရ သိရသည်။
Mekong Watch အဖွဲ့၏ ဒါရိုက်တာ Yuka Kiguchi က “TASAKI အနေနဲ့ မြန်မာ့ပုလဲလုပ်ငန်း (MPE) နဲ့ မိတ်ဖက်ဆောင်ရွက်မှုကို အဆုံးသတ်သင့်ပါတယ်။ သို့မဟုတ်ပါက စစ်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်မယ့် အန္တရာယ် ရှိနေပါတယ်” ဟု ပြောကြားခဲ့သည်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကလည်း “TASAKI အနေနဲ့ သွေးစွန်းပုလဲတွေ ရောင်းချခြင်းကို ရပ်တန့်ဖို့၊ အကြမ်းဖက်အဖွဲ့အစည်းတစ်ရပ်ဖြစ်တဲ့ စစ်အုပ်စုနဲ့ စီးပွားရေးလုပ်ငန်းကို နောက်ဆုံးအဆုံးသတ်ဖို့ တောင်းဆိုပါတယ်” ဟု ပြောကြားခဲ့သည်။
ထိုသို့ TASAKI ကုမ္ပဏီအား စစ်ကောင်စီနှင့် လက်တွဲဖြုတ်ရန် တောင်းဆိုနေသည့်အချိန်တွင်ပင် စစ်ကောင်စီက ဆန်စျေးနှုန်း ကြီးမြင့်အောင်လုပ်သည်ဟုဆိုကာ ဂျပန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်းက ဖမ်းဆီးခဲ့သည်။
Aeon Orange စျေးဝယ်စင်တာအကြီးအကဲ ဂျပန်နိုင်ငံသား Hiroshi Kasamatsu ကို ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သော ဥပဒေဖြင့် စစ်ကောင်စီက စွဲချက်တင်ဖမ်းဆီးထားပြီး၊ ၄င်းအား အမြန်ဆုံး ပြန်လွှတ်ပေးရန် ဂျပန်အစိုးရက တောင်းဆိုထားသည်။ ထိုသို့ဂျပန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်ခြင်းသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်နေသော အခြားသော ဂျပန်စီးပွါးရေးလုပ်ငန်းရှင်များအား တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။
ဂျပန်စီးပွားရေးသမားများနှင့် လက်တွဲလုပ်ကိုင်ခဲ့ဖူးသည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ “အခုအချိန်မှာ TASAKI အပါအဝင် ဂျပန်စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မြန်မာစစ်ကောင်စီနဲ့ လက်တွဲဖြုတ်ဖို့ အချိန်တန်နေပါပြီ။ စစ်ကောင်စီဟာ နိုင်ငံ့ရဲ့စီးပွားရေးကို မထိန်းချုပ်နိုင်တော့ပါဘူး။ မြန်မာ့စီးပွားရေးကျရှုံးမှုမှာ စီးပွားရေးသမားတွေက မြေစာပင်ဖြစ်နေပါပြီ။ အကျိုးဆက်ကတော့ Hiroshi Kasamatsu လို အခြားသော ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေဟာ
စစ်ကောင်စီရဲ့ ဖမ်းဆီးတာကို အချိန်မရွေး ခံရနိုင်တယ် ဆိုတာပါပဲ” ဟု ပြောကြားခဲ့သည်။