မိုးမိတ်မြို့ ဗျူဟာကုန်းကို TNLA က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ကျောက်မဲမြို့တွင်လည်း တိုက်ပွဲများ ပြင်းထန်နေ
ရန်ကုန်၊ ဇူလိုင် ၂၆
ရှမ်းပြည်နယ်၊ မိုးမိတ်မြို့ အကြမ်းဖက် စစ်တပ်၏ ဗျူဟာကုန်းကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ကျောက်မဲမြို့တွင်လည်း တိုက်ပွဲများ ပြင်းထန်နေကြောင်း TNLA က ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၈ နာရီ ၂၅ မိနစ်ခန့်တွင် မိုးမိတ်မြို့၊ ဒိုးပင်ရွာ အနီးတဝိုက်တွင် စစ်အင်အား ဖြည့်တင်းလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်၏ မိုးမိတ်မြို့ ဗျူဟာကုန်းတွင်လည်း ယနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် တအာင်းတပ်မတော် TNLA နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
အလားတူ ကျောက်မဲမြို့နယ်တွင်လည်း ယနေ့ မွန်လွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းဖြစ်သည့် ခမရ ၅၀၁၊ ၅၀၂ တပ်စခန်းတို့ကို တအာင်းတပ်မတော် TNLA က တိုက်ခိုက်ခဲ့ပြီး တာဝါတိုင်အနီးတဝိုက်တွင်လည်း ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် နောင်ချိုမြို့နယ် ဘန့်ဘွေးတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများက သဲခေါ်ရွာကို ဒရုန်း ၂ စီးဖြင့် ဗုံး ၃ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။