မြင်းခြံမြို့နယ်အတွင်းရှိ စစ်တပ် တပ်စွဲထားသော လေးရွာဆုံရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦး သေဆုံး
ရန်ကုန်၊ ဩဂုတ် ၁
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော လေးရွာဆုံရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦး သေဆုံးခဲ့ကြောင်း Anyar Federal Task Force (AFTF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၉ ရက်နေ့တွင် မြင်းခြံမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော လေးရွာဆုံပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိကာ စစ်တပ်ဘက်မှလည်း ဟောင်ဝှစ်ဇာလက်နက်ကြီးများဖြင့် ၃ ကြိမ် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
” တိုက်ခိုက်မှု အတွင်းမှာ စစ်ခွေး ၄ ကောင်သေဆုံးပြီး ၇ ကောင် ဒဏ်ရာရရတယ်လို့ ခိုင်လုံတဲ့ သတင်းအရင်းအမြစ်က သိရပါတယ်။ စစ်ခွေးတွေကလည်း ဟောင်ဝှစ်ဇာနဲ့ ခမရ ၁၅ တပ်ရင်းကနေပြီးတော့ ၃ ချက် ပြန်လည် ပစ်ခတ်ခဲ့ပေမယ့် ကျွန်တော်တို့ တော်လှန်ရေး တပ်သားတွေ အထိအခိုက်မရှိ ခဲ့ပါဘူး” ဟု Anyar Federal Task Force (AFTF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Anyar Federal Task Force(AFTF)နှင့်အတူ မဟာမိတ်အဖွဲ့များဖြစ်သော Freedom Fighter Guerrilla Force (FFGF)နှင့် 8 Stars အဖွဲ့တို့က ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။