ရန်ကုန်မြို့ကို စစ်ဘေးရှောင်လာသည့် ပြည်သူများကို ဝိုင်းဝန်း ကူညီဖေးမစောင့်ရှောက်ကြရန် တော်လှန်ရေး အင်အားစုများက တိုက်တွန်း နှိုးဆော်
ရန်ကုန်၊ ဩဂုတ် ၁၃
ရန်ကုန်မြို့ကို စစ်ဘေးရှောင်လာသည့် ပြည်သူများကို ဝိုင်းဝန်း ကူညီဖေးမ စောင့်ရှောက်ကြရန် တော်လှန်ရေး အင်အားစုများက တိုက်တွန်း နှိုးဆော်ချက်ကို ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့တွင် ရန်ကုန် အခြေစိုက် တော်လှန်ရေး အင်အားစုများက ထုတ်ပြန်လိုက်သည်။
ယခုအချိန်သည် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး တော်လှန်စစ်ပွဲကြီးကို တတိုင်းပြည်လုံး အတိုင်းအတာနှင့် ဆင်နွှဲနေကြချိန်ဖြစ်ပြီး မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက် စစ်ကောင်စီက တော်လှန်ရေး အင်အားစုများ၏ လက်နက်ကိုင် ခုခံထိုးစစ်များကြောင့် ဆက်တိုက်ရှုံးနိမ့်နေလျက်ရှိပြီး တမြို့ပြီးတမြို့ လက်လွှတ်ဆုံးရှုံးနေရကာ စစ်ရှုံး စစ်ကောင်စီက ၎င်းတို့ ရှုံးနိမ့်မှုကို သွေးရူးသွေးတန်းဖြစ်နေပြီး အရပ်သားပြည်သူများကို ပစ်မှတ်ထားသည့် ဗုံးကျဲခြင်း အပါအဝင် လေကြောင်းတိုက်ခိုက်မှုများဖြင့် စစ်ရာဇဝတ်မှုများ အရှက်မဲ့စွာ ဆက်တိုက် ကျူးလွန်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် စစ်ဖြစ်ပွားရာ ဒေသများရှိ ပြည်သူများသည် မိမိတို့ နေအိမ်၊ ရပ်ရွာ၊ မြို့များကို စွန့်ခွာပြီး တော်လှန်စစ်ပွဲတွေ အရှိန်ပြင်းထန်ခြင်းမရှိသေးသော ရန်ကုန်မြို့၊ မန္တလေးမြို့အပါအဝင် စစ်ပွဲလွတ်ရာ ဒေသများကို ခက်ခက်ခဲခဲနှင့် စစ်ရှောင်နေကြရပါပြီး ယခုအချိန်သည် “ငါတို့မှာ ငါတို့ပဲ ရှိတယ်” ဆိုသည့် စိတ်ဓာတ်နှင့် ပြည်သူ အချင်းချင်း ဖေးမကူညီရင်း အတူတူ ကျော်ဖြတ်ကြရမည့် အချိန်ဖြစ်ကြောင်း၊ ရန်ကုန်ပြည်သူလူထုအနေဖြင့် ရန်ကုန်မြို့ကို ရောက်ရှိလာသည့် ညီနောင်သားချင်း စစ်ဘေးရှောင်ပြည်သူများကို အကောင်းဆုံး ဝိုင်းဝန်းကူညီဖေးမစောင့်ရှောက်ကြဖို့ နှိုးဆော်ခြင်းဖြစ်ကြောင်း ရန်ကုန် အခြေစိုက် တော်လှန်ရေး အင်အားစုများက ပြောဆိုသည်။
ရပ်ကွက်၊ မြို့နယ်များအတွင်းကို အိမ်နီးချင်းများ အဖြစ် ပြောင်းရွေ့ပြောင်း နေထိုင်လာသည့် စစ်ဘေးရှောင် ပြည်သူများကို နွေးထွေး ပျူငှာစွာကြိုဆိုဆက်ဆံပေးခြင်း ၊ အိမ်ငှားခများ၊ အဆောင်ငှားရမ်းခများကို ဈေးနှုန်းလျှော့၍ ငှားရမ်းပေးခြင်း ၊ မတန်တဆ ဈေးနှုန်း မြှင့်တင်ခြင်းများကို ကန့်ကွက်ရှုံ့ချခြင်း၊ မိမိ၏ ကာယအား ၊ ဉာဏအား၊ ဓနအင်အားများအလိုက် နေထိုင်စားသောက်ဖို့အတွက် ကူညီစီစဉ်ပေးခြင်း ၊ စစ်ဘေးရှောင် ပြည်သူများ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေသည့် အပြုအမူ၊ အပြောအဆို များ ပြောဆိုရေးသားချက်များကို ရှောင်ရှားခြင်း၊ ပြုလုပ်သူများကို ဝိုင်းဝန်း ကန်ကွက်ရှုတ်ချခြင်း ၊ စစ်ကောင်စီတပ်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏ စစ်ရှောင်များအပေါ် ကျူးလွန် ဖိနှိပ်မှုများကို ဖော်ထုတ် သတင်းပေးခြင်း အစရှိတဲ့ အချက်တွေပဲဖြစ်ကြောင်း ရန်ကုန် အခြေစိုက် တော်လှန်ရေး အင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။
အဆိုပါ အချက်များသည် ပြည်သူများအနေဖြင့် လိုက်နာ ဆောင်ရွက်ရန် ခက်ခဲလှသည့် အရာများ မဟုတ်ဘဲ ပုံမှန်ဆိုရင်လည်း အိမ်နီးချင်း အသစ်များကို ကူညီဆောင်ရွက်ပေးနေကျသည့် ချစ်ဖွယ်ဓလေ့တွေပဲ ဖြစ်ကြောင်း၊ အထူးသဖြင့် ယနေ့ အချိန်အခါမျိုးတွင် တော်လှန်ရေး၏ အရေးအကြီးဆုံးသော ကာလ၌ ပြည်သူမှာ ပြည်သူပဲရှိသည် စကားကို လက်တွေ့ အသုံးချ၍ ပြည်သူအချင်းချင်း အကောင်းဆုံး ဝိုင်းဝန်းကူညီဖေးမကြရန်နှင့် ပြည်သူအချင်းချင်း လက်ချင်းယှက် ညီညွတ်မှုအားကြီးနဲ့ ဒီတော်လှန်ရေးကြီးရဲ့ အဆုံးသတ်ပန်းတိုင်ကို တူတူ ညီညီ ဖေးဖေးမမ တိုက်ပွဲဝင်ကြပါစို့လို့ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ကြောင်း ရန်ကုန် အခြေစိုက် တော်လှန်ရေး အင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။
အဆိုပါ နှိုးဆော်ချက်များကို ရန်ကုန် အခြေစိုက် တော်လှန်ရေး အင်အားစုများ ဖြစ်သော Yangon Revolution Force – YRF ၊ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ၊ Owl Community ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ၊ ရန်ကုန်အင်အားစု ( AJAY) ၊ Kyimyindaing Networks (KMD18) ၊ Linn Yaung NiYouth Organization_LYNYO ၊ ရွှေပြည်သာမြို့နယ် သပိတ်ကော်မတီ ( SPTSC) ၊ Mayangone Democratic Front (M.D.F) ၊ လူငယ်သပိတ်ကော်မတီ ၊ North & East Dagon News ၊ South Dagon Information (SDG) ၊ TAMWE NWAY OO Channel ၊ THAKETA & DAWBON Fight For Freedom ၊ HTY Scout Channel ၊ NOK Information & Scout Echo ၊ Y.S.D Scout Channel ၊ MAYAGONE NEWS နှင့် တကသများ ရန်ကုန် (ASU) တို့က ပူးပေါင်း ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။