မိုးမိတ်နှင့် သီပေါ မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် အပြင်းအထန် ဗုံးကျဲ တိုက်ခိုက်နေ
ရန်ကုန်၊ ဩဂုတ် ၁၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်နှင့် သီပေါ မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် အပြင်းအထန် ဗုံးကျဲ တိုက်ခိုက်နေကြောင်း TNLA က ပြောဆိုသည်။
ဩဂုတ်လ ၁၆ ရက်နေ့တွင် သီပေါမြို့အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ ၂၃ တပ်စခန်း နေရာတွင် တိုက်ပွဲဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ထို့ပြင် သီပေါမြို့တွင်လည်း အကြမ်းဖက် စစ်တပ်က Jet Fighter ဖြင့် ၂ ကြိမ်၊ Y-12 ထောက်ပို့လေယာဉ်ဖြင့် ၁၆ ကြိမ် ဗုံး ၁၆၃ လုံး အရပ်သားပြည်သူများကို ဦးတည်ပြီး နေ့စဉ် လာရောက်တိုက်ခိုက် ဗုံးကျဲနေကြောင်း သိရှိရသည်။
အလားတူ မိုးမိတ်မြို့နယ်၊ ကင်းချောင်းရွာအနီးတဝိုက်တွင်လည်း အကြမ်းဖက် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျောက်မဲမြို့နယ် ဟူးကွက်ရွာဘုန်းကြီးကျောင်းကိုလည်း အကြမ်းဖက် စစ်တပ်က Jet Fighter ဖြင့် ၂ ကြိမ် လာရောက် တိုက်ခိုက်ခဲ့ကြောင်း၊ နမ့်ဆန်မြို့တွင်လည်း ဒုတိယကြိမ် Jet Fighter ဖြင့် ၁ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
သြဂုတ်လ ၁၆ ရက်နေ့ကလည်း နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်က Jet Fighter ဖြင့် ၂ ကြိမ်၊ Y-12 ဖြင့် ၅ ကြိမ် ဗုံး ၆၇ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။