26 C
Yangon

မောင်တောမြို့မှ စစ်ရှောင်လာသည့် ပြည်သူများ ဝမ်းပျက်၊ ဝမ်းလျှော ရောဂါဖြစ်ပွားနေပြီး သေဆုံးသူ ၅ ဦးထိရှိလာကာ အရေးပေါ် ဆေးဝါးများ လိုအပ်နေဟု AA က အကူအညီ တောင်းခံ

Must read

မောင်တောမြို့မှ စစ်ရှောင်လာသည့် ပြည်သူများ ဝမ်းပျက်၊ ဝမ်းလျှော ရောဂါဖြစ်ပွားနေပြီး သေဆုံးသူ ၅ ဦးထိရှိလာကာ အရေးပေါ် ဆေးဝါးများ လိုအပ်နေဟု AA က အကူအညီ တောင်းခံ

ရန်ကုန်၊ ဩဂုတ် ၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှ စစ်ရှောင်လာသည့် ပြည်သူများ ဝမ်းပျက်၊ ဝမ်းလျှော ရောဂါ ဖြစ်ပွားနေပြီး သေဆုံးသူ ၅ ဦးထိရှိလာ၍ အရေးပေါ် ဆေးဝါးများ လိုအပ်နေသည့်အတွက် AA ၏ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဩဂုတ်လ ၁၆ ရက်နေ့တွင် အကူအညီ တောင်းခံလိုက်သည်။

အာရက္ခတပ်တော်သည် မောင်တောမြို့သိမ်းတိုက်ပွဲကို ဆင်နွှဲနေသည်နှင့် တစ်ပြိုင်နက်တည်းတွင် မောင်တောမြို့ အတွင်း၌ ပိတ်မိနေကြသော ဒေသ ပြည်သူများနှင့် ၎င်းမြို့ အနီးပတ်ဝန်းကျင်မှ ပြည်သူများကို စစ်ပွဲနှင့် ကင်းလွတ်ရာကို အချိန်မီ ကယ်ထုတ်ပြီး ရွှေ့ပြောင်းနေရာချထားခြင်းများကို ဆက်တိုက်ပြုလုပ်ပေးလျက် ရှိကြောင်းသိရသည်။

ယခုအချိန်တွင် အာရက္ခတပ်တော်က ကယ်ထုတ်လာသည့် စစ်ပွဲရှောင် အရေအတွက်သည် ၂၀၀၀၀ နီးပါး အထိ ရှိလာခဲ့ပြီဖြစ်၍ ကယ်ထုတ်သည့် လုပ်ငန်းများကို ဆက်လက် ပြုလုပ်လျက်ရှိနေဆဲဖြစ်ကြောင်း၊ လက်ရှိအချိန်သည် မိုးရာသီ ကာလဖြစ်သည်နှင့်အညီ မိုးရာသီတွင် အဖြစ်များသော ဝမ်းပျက်၊ ဝမ်းလျှောခြင်း ရောဂါမှာ နေရာအချို့တွင ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် လွန်ခဲ့သော ရက်ပိုင်းများကလည်း အာရက္ခဒေသနေ ပြည်သူများသည် ရေကြီးခြင်းဒဏ်ကို ခံစားခဲ့ရကာ ရေကြီးခြင်း၏ နောက်ဆက်တွဲဖြစ်သော သောက်သုံးရေမသန့်ခြင်းများကြောင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားမှုနှုန်းမှာ ယခုရက်ပိုင်းအတွင်း ပိုမို မြင့်တက်လျက်ရှိသည့်အပြင် သေဆုံးသည့်အရေအတွက်မှာ ၅ ဦး ထိ ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

အာရက္ခ ပြည်သူ့တော်လှန်ရေး အစိုးရသည် အာရက္ခဒေသနေပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို မိမိတို့တွင်ရှိသော ဆေးဝါးများဖြင့် လူမျိုးမရွေး၊ ဘာသာမရွေး ကုသပေးလျက်ရှိပြီး သို့သော်လည်း အာရက္ခဒေသသည် စစ်ဘေး၊ ရေဘေးများကို တစ်ပြိုင်နက်တည်း ကြုံတွေ့နေရသောကြောင့် ကျန်းမာရေး စောင့်ရှောက်သည့် လုပ်ငန်းများတွင် ဆေးဝါးဆိုင်ရာ လိုအပ်မှုများရှိကြောင်း သိရှိရသည်။

ယခုအချိန်တွင် မောင်တောဒေသမှ တိုက်ပွဲရှောင် ပြည်သူများတွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားလျက်ရှိသောကြောင့် ထိုသူများအတွက် ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့်သက်ဆိုင်သော ဆေးဝါးများအပြင် အထွေထွေရောဂါများအတွက် မရှိမဖြစ်လိုအပ်သောဆေးဝါးများမှာ အရေးတကြီးလိုအပ်လျက်ရှိနေကြောင်း သိရသည်။

ထို့ကြောင့် အိမ်နီးနားချင်း နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့များ အနေဖြင့် ရောဂါခံစားနေရသော လူနာများအတွက် အရေးတကြီးလိုအပ်လျက်ရှိသော ဆေးဝါးများကို အကူအညီပေးကြပါရန် အာရက္ခပြည်သူ့ ကျန်းမာရေးဌာနက အကူအညီ လိုအပ်နေသောသူများကိုယ်စား အရေးပေါ် အကူအညီတောင်းခံအပ်ကြောင်း မေတ္တာရပ်ခံထားသည်။

Photo – မောင်တောမြို့မှ စစ်ဘေးရှောင်ပြည်သူများကို AA က ကယ်ထုတ်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article