ရေဦးနှင့် ဒီပဲယင်း နယ်စပ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် ပစ်ခတ် ဝင်ရောက်နေပြီး ပြည်သူ ၄ ဦး ဖမ်းဆီးခံရကာ နေအိမ်များကို မီးရှို့ဖျက်ဆီး၊ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ
ရန်ကုန်၊ ဩဂုတ် ၂၄
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နှင့် ဒီပဲယင်း မြို့နယ် အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် ပစ်ခတ် ဝင်ရောက်နေပြီး ပြည်သူ ၄ ဦး ဖမ်းဆီးခံရကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၄ ရက်နေ့တွင် ရေဦးမြို့ပေါ်ရှိ တိုင်းရင်းဆေးရုံမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မုတ်စီရွာကို ပစ်ခတ် ဝင်ရောက် စီးနင်းပြီး မုတ်စီရွာ ဘုန်းကြီးကျောင်းထဲ၌ ကျန်ခဲ့သော ပြည်သူ ၄ ဦးထက်မနည်းကို ဖမ်းဆီးထားကြောင်း၊ ထို့ပြင် မုတ်စီရွာ ၊ ငြုတ္တုံရွာ ၊ ပြည်တော်ရွာ ၊ မူးဆုံရွာ နှင့် ရွာမိဿာရွာမှ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒီပဲယင်းမြို့ပေါ်မှ ဒဏ်ရာရ စစ်သားများကို ပြန်လည် ခေါ်ဆောင်ရန်နှင့် ရိက္ခာပို့ရန် လာရောက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ ဒီပဲယင်းမြို့မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကလည်း ရေဦးနှင့် ဒီပဲယင်းမြို့နယ် အစပ်ရှိ ပြားရွာ ၊ မစိုးရိမ်ရွာ နှင့် ပျော်ဘွယ်ရွာရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မစိုးရိမ်၌ တပ်စွဲထားကြောင်း သိရသည်။
“ရေဦးက ခွေးကြောင်းက အခုညနေမှာ မုတ်စီရွာဘုန်းကြီးကျောင်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပီး မိုးရွာကြီးထဲ စီးနင်း ဝင်ရောက်လာတယ်။ ဒီနေ့မနက် အစောပိုင်း ၁ နာရီခွဲလောက်ကတည်းက ရေဦးတိုင်းရင်းထဲကနေ ကားကြီး ၂ စီးနဲ့ ဂါဝီဘက်မှာ အင်အားချပြီး အောက်စီဂျင်ရုံးဘက်နဲ့ စိုက်ကွင်းဘက်မှာ ကင်းပုန်းဝပ်နေရာယူခဲ့တယ်။ မနက် ၁ နာရီခွဲလောက်ကစပြီး ရေဦးတိုင်းရင်းကနေ လက်နက်ကြီးနဲ့ အနောက်ဘက်ခြမ်းရွာတွေဘက်ကို ၇ လုံးထက်မနည်း ပစ်ကူပေးခဲ့တယ်။ အခုညနေပိုင်း မုတ်စီရွာကို စီးနင်း ဝင်ရောက်လာတာကြောင့် ကျေးရွာ ၃ ရွာက ပြည်သူတွေ မိုးရွာကြီးထဲ ထွက်ပြေးနေကြရတယ်။ အခုလက်ရှိ မုတ်စီရွာ ဘုန်းကြီးကျောင်းထဲမှာ ပြည်သူ ၄ ဦးထက်မနည်း ဖမ်းဆီးမိထားတယ်။ ဒီပဲယင်းက ထွက်လာတဲ့ခွေးကြောင်းက ရေဦးနယ် မစိုးရိမ်ရွာ ၊ ဒီပဲယင်းနယ်က ပျော်ဘွယ်ရွာနဲ့ ကံပြားရွာကို တမနက်ထဲ မီးရှို့ဖျက်ဆီးထားတယ်။ နေအိမ်ပျက်ဆီးမှု မသိရသေးဘူး” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။