ဖြူးမြို့နယ်တွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်၍ ဘုန်းကြီး ၁ ပါးပျံလွန်တော်မူကာ ကလေးငယ်များ၊ ကိုရင်များ အပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရ
ရန်ကုန်၊ ဩဂုတ် ၂၆
ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်၍ ဘုန်းကြီး ၁ ပါးပျံလွန်တော်မူကာ ကလေးငယ်များ၊ ကိုရင်များ အပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KUN ဗဟိုက ပြောဆိုသည်။
ဩဂုတ်လ ၁၇ ရက်၊ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် ဖြူးမြို့ အရှေ့ လိပ် ပေါက်ကျေးရွာ အနီးတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်များနှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ခမရ−၄၃၉ တပ်ရင်းက ကုန်းအင်းတောင်ကျေးရွာ၊ ကုန်းအင်းအနောက်ကျေးရွာ၊ ကုန်းအင်း အရှေ့ကျေးရွာ၊ ဆက်ကုန်းကျေးရွာ ၊ဆင်တဲကုန်းကျေးရွာနှင့်သပြေခင်ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာနေ ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရကြောင်း သိရသည်။
ဩဂုတ်လ ၁၇ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ−၄၃၉ တပ်ရင်းက ပစ်ခတ်သော လက်နက်ကြီးများ အိမ်ပင်သာ ကျေးရွာ ဘုန်းကြီးကျောင်းပေါ် ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးဇင်း ဦးဥက္ကံာသ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိကာ မြို့ပေါ်သို့ ဆေးကုသခံ ယူစဉ်တွင် ပျံလွန်တော်ခဲ့ကြောင်း၊ ထို့ပြင် ကိုရင် ရှင်ပုည မှာလည်း ၀မ်းဗိုက်တွင် ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာနေ ပြည်သူ ဦးမောင်ကိုလည်း ဝမ်းဗိုက်တွင် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဩဂုတ်လ ၂၁ ရက်နေ့ နံနက် ၉ နာရီ ၅၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ−၅၉၉ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၂ လုံး ကျွန်းတောကျေးရွာအတွင်းကို ပစ်ခတ်ခဲ့ရာ ကျေးရွာ စာသင်ကျောင်းဝိုင်း အတွင်းကို ကျရောက်ပေါက်ကွဲခဲ့ပြီး မောင်အောင်ပြည့်စုံ၊ မောင်နေမင်းမြတ် ၊ မပိုးကြယ်ဇင်၊ မထိုက်ထိုက်နွယ် နှင့် အခြား ကျောင်းသူ ၁ ဦး စုစုပေါင်း ၅ ဦးတို့မှ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။