24.8 C
Yangon

နတ္တလင်းမြို့နယ်၊ ကျေးရွာများတွင် စစ်မှုထမ်းရန်နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းရန်အတွက် တစ်ရွာလျှင် လူ ၇ ဦး ပေးရန် စစ်တပ်က တောင်းခံ၊ ကျုံပျော်နှင့်ဝါးခယ်မတွင် စစ်မှုထမ်းရန်အတွက် လူငယ်များကို ဆင့်ခေါ်ပြီး လူမပေးနိုင်လျှင် ငွေပေးရန် ခြိမ်းခြောက်တောင်း

Must read

နတ္တလင်းမြို့နယ်၊ ကျေးရွာများတွင် စစ်မှုထမ်းရန်နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းရန်အတွက် တစ်ရွာလျှင် လူ ၇ ဦး ပေးရန် စစ်တပ်က တောင်းခံ၊ ကျုံပျော်နှင့်ဝါးခယ်မတွင် စစ်မှုထမ်းရန်အတွက် လူငယ်များကို ဆင့်ခေါ်ပြီး လူမပေးနိုင်လျှင် ငွေပေးရန် ခြိမ်းခြောက်တောင်း

ရန်ကုန်၊ စက်တင်ဘာ ၁၆

ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်၊ ကျေးရွာများတွင် စစ်မှုထမ်းရန်နှင့် ပြည်သူ့လုံခြုံ ရေးအဖွဲ့ ဖွဲ့စည်းရန်အတွက် တစ်ရွာလျှင် လူ ၇ ဦး ပေးရန် စစ်တပ်က တောင်းခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၃ ရက်နေ့ ပဲခူးတိုင်း၊ အနောက်ခြမ်း၊ သာယာ၀တီခရိုင်၊ နတ္တလင်းမြို့နယ်၊ ပဲမခမ်းကျေးရွာအုပ်စုတွင် ပြည်သူ့စစ်ဖွဲ့ရန်နှင့် စစ်မှုထမ်းရန် အသက် ၃၅ နှစ်မှ အသက် ၆၅ နှစ်အထိ အမျိုးသားများအားလုံးကို မဲနှိုက်ခိုင်းကြောင်း၊ မဲပေါက်သူများအနေဖြင့် မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ကြောင်း၊ အကယ်၍ မဲပေါက်ပြီး စစ်မှုမထမ်းဘဲ ထွက်ပြေးပါကလည်း သက်ဆိုင်ရာကျေး ရွာများမှ ပြည်သူများက တစ်ရွာလျှင် လူ ၇ ဦး မဖြစ်မနေ ပေးပိုရမည်ဟု စစ်တပ်က အမိန့်ပေးလာကြောင်း သိရှိရသည်။

“တစ်ရွာကို စစ်မှုထမ်းဖို့ လူ ၆ ဦးကနေ ၇ ဦးအထိ ပေးခိုင်းတယ်။ စစ်တပ်က လူပေးဖို့ အမိန့်ပေးခံရတဲ့ ရွာတွေကတော့ ပဲမခမ်းကျေးရွာ၊ ပဲနွယ် ကုန်းကျေး ရွာ၊ သခွတ်ကုန်းကျေးရွာ၊ ကံသာယာကျေးရွာ၊ ဖောင်ချောင်းကျေးရွာတို့ဖြစ်ပါတယ်။ တကယ်လို့ မဲပေါက်ပြီး စစ်မှုမထမ်းချင်ရင် ငွေပေးလို့ရတယ်” ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စက်တင်ဘာလ ၁၅ ရက်နေ့တွင် စစ်မှုထမ်းရန် မဲပေါက်ပြီး စစ်မှုမထမ်းလိုပါက ငွေပေးနိုင်ကြောင်း၊ ပဲမခမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ခင်ဇော်နှင့်စစ်သား ၆ ဦးက စစ်မှုမထမ်းလိုသူများထံမှ ငွေကြေးများ လိုက်လံ ကောက်ယူတောင်းခံခဲ့ကြောင်း သိရှိရသည်။

“မနေ့က စစ်မှုထမ်းဖို့ မဲပေါက်သူများကို တစ်ဦးလျှင် သိန်း၂၀ ပဲမခမ်းအုပ်ကြီး ဦးခင်ဇော်နဲ့ စစ်သား ၆ ယောက်က လိုက်တောင်းပါတယ်။ မပေး နိုင်သူ များကို မနေ့ ညနေပိုင်းမှာ ပြည်သူ့စစ်သင်တန်းအတွက် သင်တန်းတက်ရမည်ဟုဆိုပြီး ခေါ်သွားပါတယ်၊ ပိုက်ဆံ သိန်း၂၀ ပေးနိုင်သူတွေကတောမပါသွားပါဘူး” ဟု ဒေသပြည်သူက ရှင်းလင်းပြောဆိုသည်။

ထို့အတူ ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့နယ်နှင့် ဝါးခယ်မမြို့နယ်တို့တွင်လည်း စစ်တပ်က စစ်မှုထမ်းရန် လူဦးရေ ၅၀ တောင်းခံနေကြောင်း သိရှိရသည်။

“ကျုံပျော်မြို့ ၊ တေဇရပ်ကွက်ရုံးမှာ စစ်မှုထမ်းဖို့ လူငယ် အယောက် ၅၀လူခေါ်တာ မပြည့်လို့အကုန်ခေါ်တယ်။ စစ်ထဲ မလိုက်ချင်ရင် ငွေပေးပြီး လူစားထိုး ရှာခိုင်းတယ်။ ငွေလည်းမပေးနိုင်ဘူး၊ လူစားထိုး မရှာနိုင်ဘူးဆိုရင်တော့ စစ်ထဲလိုက်ဖို့ခေါ်တယ်။ စစ်မှုထမ်းအပတ်စဉ် ၆ အတွက်ကြိုလူစုတာလို့သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ထို့ပြင် ဧရာ၀တီတိုင်း၊ ဝါးခယ်မမြို့နယ်၊ သပြေချောင်းကျေးရွာတွင်လည်း အုပ်ချုပ်ရေးမှူး ဇာနည်မောင်က စစ်မှုထမ်းများကို ထောက်ပံ့ရန်ဟုဆိုကာ တစ်အိမ်လျှင် အနည်းဆုံး ငွေကျပ် ၅ သောင်းမှ ငွေကျပ် ၁ သိန်းအထိ တောင်းခံနေကြောင်း ၊ လစဉ် ငွေတောင်းခံနေခြင်းဖြစ်ပြီး မည်သူ့ကိုမှ ဂရုမစိုက်ကြောင်း၊ တိုင်ချင်ရာ တိုင်နိုင်ကြောင်း၊ PDF ကိုလည်း မကြောက်ကြောင်း ပြောဆိုသည်ဟု သိရှိရသည်။

“စစ်မှူထမ်းအပတ်တစ်ခုတိုင်း သပြေချောင်းကျေးရွာ အုပ်ကြီး ဇာနည်မောင်က တစ်အိမ်ကို ၁ သိန်း တောင်းတယ်။ စစ်မှုထမ်းစာရင်း မပါတဲ့ အိမ်က ၁ သိန်း၊ စစ်မှုထမ်း စာရင်းပါတဲ့ အိမ်က ၅ သောင်း။ လစဉ်ပေးနေရတာ။ အခုဆိုရင် အိမ်တိုင်းက လစဉ် အုပ်ကြီး တောင်းသမျှ ပေးနေရတာ အနည်းဆုံး ​ငွေ ၂ သိန်းခွဲလောက် ပေးနေရပြီ။ ဘယ်သူမှ ဂရုမစိုက်ဘူး။ သူ့ကို ပုန်ကန်ရင် စစ်တပ်ခေါ်မယ်ပြောတယ်။ ရွာကလူတွေလည်း ရေဘေးက တစ်မျိုး၊ အုပ်ကြီးက တစ်မျိုးနဲ့ အကုန်ဒုက္ခရောက်နေကြတယ်။ PDF တွေကိုလည်းဂရုမစိုက်ပြောတယ်။ သေမှာ မကြောက် လို့ အုပ်ကြီးလုပ်တာကိုပြောတယ်။ လူငယ်တွေကတော့ အကုန် ထွက်ပြေးကြတာ ရွာမှာလည်း လူမရှိတော့ဘူး” ဟု သပြေချောင်းကျေးရွာမှ ပြည်သူတစ်ဦးက ဆိုသည်။

လတ်တလော စစ်တပ်က အောက်တိုဘာလတွင် စတင်မည့် စစ်မှုထမ်းအပတ် စဉ် ၆ အတွက် ယခု စက်တင်ဘာလလယ်ပိုင်းမှစတင်ပြီး လူစုဆောင်းခြင်း၊ ပေါ်တာ ဆွဲခြင်း၊ မဲနှိုက်ခိုင်းခြင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ် ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်မှုထမ်းအပတ်စဉ် ၅ အတွက် စစ်တပ်ထဲဆွဲသွင်းခံရသည့် လူငယ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article