26 C
Yangon

မြန်မာစစ်အုပ်စု၏ စစ်ရာဇဝတ်မှုများနှင့် Airbus လေယာဥ်ကုမ္ပဏီကြီး ရွေးချယ်ရမည့် ရိုးရှင်းသောလမ်း

Must read

မြန်မာစစ်အုပ်စု၏ စစ်ရာဇဝတ်မှုများနှင့် Airbus လေယာဥ်ကုမ္ပဏီကြီး ရွေးချယ်ရမည့် ရိုးရှင်းသောလမ်း

ရန်ကုန်၊ အောက်တိုဘာ ၁

ခေတ်သစ်သတင်းဌာနအပါအဝင် ပြည်တွင်းသတင်းဌာနများမှ ရရှိခဲ့သော တပ်တွင်းသတင်းများအရ အကြမ်းဖက်စစ်ကောင်စီ၏ တရုတ်နိုင်ငံမှ ဝယ်ယူထားသော FTC 2000G တိုက်လေယာဉ်သစ် ၆ စီးသည် မကြာသေးမီက မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်ဟုဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လတွင် တရုတ်နိုင်ငံမှ မြန်မာစစ်ကောင်စီ လေတပ်စခန်းသို့ တိုက်ရိုက်မောင်းနှင်ပေးပို့ခဲ့သည် ဟုဆိုသော အဆိုပါ တိုက်လေယာဉ်သစ်များကို နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုများတွင် စတင်အသုံးပြုနေကြောင်း လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။

Myanmar နှင့် Info Birmanie အဖွဲ့တို့က ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာများအရ မြန်မာစစ်တပ်သည် ဥရောပ Airbus ကုမ္ပဏီကြီး၏ မဟာဗျူဟာမိတ်ဖက် တရုတ်လက်နက်ကုမ္ပဏီ AVIC ၏ ကုမ္ပဏီခွဲ Guizhou Aviation Industries Corporation (GAIC) က ထုတ်လုပ်သော FTC-2000G အပေါ့စားတိုက်ခိုက်ရေးလေယာဉ် ၆ စင်းကို ပထမအသုတ်ပေးပို့မှုအနေနှင့် ၂၀၂၂ နိုဝင်ဘာလအတွင်းက လက်ခံရရှိခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်တပ်သည် တရုတ်လက်နက်ကုမ္ပဏီ AVIC ၏ကုမ္ပဏီခွဲမှတဆင့် ဝယ်ယူရရှိခဲ့သော အဆိုပါ FTC-2000G ဂျက်တိုက်လေယာဉ် ၆ စင်းကို ၂၀၂၂ ဒီဇင်ဘာလတွင် အခြားတရုတ် AVIC လေယာဥ်များနှင့်အတူ တပ်တော်ဝင်စေခဲ့ပြီး၊ ယခုဒုတိယအသုတ်အ‌နေနှင့် FTC-2000G တိုက်လေယာဥ်သစ် ၆ စီးကို မကြာသေးမှီကမှ ထပ်မံလက်ခံရှိခဲ့ခြင်းလည်း ဖြစ်သည်။

ထိုသို့ ဥရောပလေယာဥ်ကုမ္ပဏီကြီး Airbus နှင့် လက်တွဲလုပ်ကိုင်နေသည့်တရုတ်ကုမ္ပဏီ AVIC မှ စစ်လေယာဉ်နဲ့ ဆက်စပ်နည်းပညာအကူအညီများ ရရှိနေခြင်းကြောင့်သာလျှင် မြန်မာစစ်အုပ်စုသည် လူမဆန် ရက်စက်ကြမ်းကြုတ်သည့် စစ်ရာဇဝတ်မှုများကို အပြစ်ပေးအရေးယူခံရခြင်း ကင်းလွတ်စွာနှင့် ဆက်လက်ကျူးလွန်နေနိုင်ခြင်းဖြစ်သည်ဟု လို့ Justice for Myanmar ကဆိုသည်။

မြန်မာစစ်တပ်ကို တစိုက်မတ်မတ် လေယာဥ်နှင့်ခဲယမ်း ရောင်းချပေးနေသည့် AVIC နှင့် ဥရောပ Airbus တို့၏ ဆက်ဆံရေး

============

ပြင်သစ်၊ ဂျာမနီနှင့် စပိန်အစိုးရတို့ အများစုပိုင်ဆိုင်သော Airbus လေယာဥ်ကုမ္ပဏီကြီးသည် တရုတ်လေကြောင်းကဏ္ဍတွင် အရေးပါသော ရင်းနှီးမြှုပ်နှံသူ ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် Airbus နှင့် တရုတ်လေကြောင်းကဏ္ဍအကြား ပူးပေါင်းဆောင်ရွက်မှုတန်ဖိုးငွေပမာဏသည် အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၀၀ ရှိကြောင်း သိရသည်။ လက်ရှိတွင် Airbus သည် ဖက်စပ်လုပ်ငန်း ၅ ခု အပါအဝင် အနည်းဆုံး တရုတ်နိုင်ငံတွင် လုပ်ငန်း ၁၀ ခုကို တရားဝင်လုပ်ကိုင်လျက်ရှိသည်။

Airbus ၏ ရင်းနှီးမြှုပ်နှံမှုအများစုသည် မြန်မာစစ်တပ်သို့ လေယာဥ်နှင့်ခဲယမ်းများ တစိုက်မတ်မတ် ရောင်းချနေသည့် တရုတ်လက်နက်ကုမ္ပဏီ AVIC နှင့် ၎င်း၏ကုမ္ပဏီခွဲများ ဖြစ်နေသည်။ Airbus China ၏ စီအီးအိုဖြစ်သူ Gang Xu က “Airbus သည် တရုတ်နိုင်ငံအတွက် ခိုင်မာအားကိုးရပြီး ယုံကြည်ထိုက်သော ကာလရှည်မဟာမိတ်ကုမ္ပဏီ” ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

ပြင်သစ်သမ္မတ အီမာနျူရယ်မာကွန်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်းတွင်လည်း Airbus သည် AVIC အပါအဝင် တရုတ်လေကြောင်းကဏ္ဍမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်အသစ်များကို လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဧပြီလထုတ် Airbus ၏ ပစ္စည်းပေးသွင်းသူစာရင်းတွင် AVIC ကုမ္ပဏီခွဲအများအပြားနှင့် လက်ရှိစီးပွားရေးဆက်နွှယ်မှုများကို တွေ့ရှိရသည်။ ဥပမာအားဖြင့် Airbus ပစ္စည်းပေးသွင်းသည့် ကုမ္ပဏီတစ်ခုမှာ AVIC ၏ကိုယ်ခွဲ AVIC International Holding Corporation ဖြစ်နေခြင်းဖြစ်သည်။

ယင်းကုမ္ပဏီသည် AVIC နှင့် ဆက်နွှယ်သည့် ကမ္ဘာတဝန်းမှ ရှယ်ယာရှင်များစွာပါဝင်သော ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ မြန်မာနိုင်ငံရှိ AVIC ကိုယ်စားလှယ်ရုံးဖြစ်သည့် AVIC International Beijing Company Limited ကို အလုံးစုံ ပိုင်ဆိုင်ထားသည့် ကုမ္ပဏီလည်းဖြစ်သည်။

၂၀၁၉ ခုနှစ်အတွင်း ချုပ်ဆိုခဲ့သော Airbus နှင့် AVIC ထုတ်လုပ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာတွင် လေယာဉ်ကိုယ်ထည်တပ်ဆင်ခြင်း စီမံကိန်းလည်း ပါဝင်ခဲ့သည်။ ထိုမှတဆင့် Airbus နှင့် AVIC တို့သည် ဘက်စုံသုံးကွန်ပို့စစ်လုပ်ငန်းများ (multifunctional composites )၊ နည်းပညာသုံး ပုံစံပြောင်းနိုင်သည့်တည်ဆောက်မှုများ (morphing structures )၊ သုံးဖက်မြင် ပရင့်ထုတ်ခြင်း (3D printing)၊ ရုပ်ဖတ်မှတ်တမ်းသိမ်းဆည်းခြင်း (visual recognition) များတွင် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

သုံးဖက်မြင် ပရင့်ထုတ်ခြင်းကို တရုတ်နိုင်ငံ အပါအဝင် စစ်ဘက်လေကြောင်းကဏ္ဍတွင် တွင်ကျယ်စွာ အသုံးပြုနေသည်။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် Global Time သတင်းစာက တရုတ်နိုင်ငံ၏ မျိုးဆက်သစ် စစ်လေယာဉ် အစိတ်အပိုင်းများ ထုတ်လုပ်ရာတွင် သုံးဖက်မြင် ပရင့်ထုတ်ထားသည့် ပစ္စည်းများကို အသုံးပြုကြောင်း အတည်ပြုခဲ့သည်။

ဖက်စပ်လုပ်ငန်းများနှင့် စီမံကိန်းပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များအပြင် Airbus နှင့် AVIC တို့သည် စီမံခန့်ခွဲမှုအဆင့်တွင်လည်း ပေါင်းစည်းထားသည်။ Airbus China ၏ စီအီးအိုဖြစ်သူ George Xu (Xu Gang ဟုလည်း သိကြသူ) သည် AviChina ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင် ၈ ဦးတွင် ပါဝင်နေပြီး၊ ၄င်းသည် AviChina ၏ ဖွံ့ဖြိုးရေးနှင့်မဟာဗျူဟာ ကော်မတီအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

အထက်ဖော်ပြချက်များအရ ဥရောပအကြီးဆုံးလေယာဥ်ကုမ္ပဏီကြီး Airbus နှင့် မြန်မာစစ်တပ်အား တစိုက်မတ်မတ် လေယာဥ်၊ လက်နက်ရောင်းချပေးနေသည့် AVIC တို့အကြား ကြီးမားသော စီးပွားဆက်ဆံမှုကို မြင်တွေ့နိုင်သည်။

AVIC မှတဆင့် ပါဝင်ပတ်သက်နေသော မြန်မာနိုင်ငံမှ စစ်ရာဇဝတ်မှုများအတွက် Airbus ကုမ္ပဏီအပါအဝင် ပြင်သစ် ၊ ဂျာမဏီနှင့် စပိန် အစိုးရများတွင် တာဝန်ရှိ

===============

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်းက အရပ်သားပြည်သူ ရာချီသေဆုံးခဲ့ရသည့် ရက်စက်ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် ကရင်နီ၊ ရခိုင်၊ ရှမ်းမြောက်နှင့် နိုင်ငံတဝှမ်း ဗုံးကြဲတိုက်ခိုက်မှုအများအပြားနှင့် စာသင်ကျောင်း၊ ဆေးရုံကဲ့သို့သော အရပ်ဘက်အခြေခံ အဆောက်အအုံများအပေါ် မရေမတွက်နိုင်သော လေကြောင်းတိုက်ခိုက်မှုများ၊ ထောက်လှမ်းပျံသန်းမှုများနှင့် သယ်ယူပို့ဆောင်ရေးမစ်ရှင် များအတွက် မြန်မာစစ်အုပ်စုသည် Airbus ၏ မဟာဗျူဟာမိတ်ဖက် တရုတ်လက်နက်ကုမ္ပဏီ AVIC ၏ လေယာဉ်များကို အသုံးပြုနေသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးသူငယ်များ အပါအဝင် အပြစ်မဲ့ပြည်သူများစွာ သေဆုံးခဲ့ရပြီး၊ စာသင်ကျောင်းနှင့် ဆေးရုံ ဆေးခန်းများစွာတို့ကို ပျက်စီးစေခဲ့ကာ၊ အရပ်သားပြည်သူများစွာတို့အပေါ် ကြီးမားသော အတိဒုက္ခနှင့် အိုးမဲ့အိမ်မဲ့ဘဝများကို ဖြစ်စေခဲ့ပါတယ်။

AVIC ၏ မြန်မာစစ်အုပ်စုထံ စစ်လေယာဉ်နှင့် လက်နက်များ လွှဲပြောင်းပေးအပ် ဆက်နွှယ်မှုများကြောင့် နော်ဝေအစိုးရ ပင်စင်ရံပုံငွေအဖွဲ့အပါအဝင် အခြားရင်းနှီးမြှုပ်နှံသူများသည် AviChina မှ ရင်းနှီးမြှပ်နှံမှုများကို ပြန်လည်ထုတ်နှုတ်သွားခဲ့သည်။ သို့သော် ပြင်သစ် ၊ ဂျာမဏီနှင့် စပိန် အစိုးရများက အများစုပိုင်ဆိုင်သော Airbus ကုမ္ပဏီကြီးကတော့ AVIC တွင် ရင်းနှီးမြှပ်နှံမှုများ ထပ်မံ၍ပင် ပြုလုပ်ခဲ့သေးသည်။

AVIC နှင့် ၄င်း၏ကုမ္ပဏီများမှ ထုတ်လုပ်ရောင်းချသော လေယာဉ်များကို လက်ခံသူသည် မြန်မာ့လေတပ်ဖြစ်သည် ဆိုသည့်အချက်နှင့် အဆိုပါ လေယာဉ်များကို မြန်မာစစ်အုပ်စုက လက်ဝယ်အသုံးပြုပြီး အရပ်သားပြည်သူတို့အပေါ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်မည် ဆိုသည့်အချက်များသည် Airbus အနေဖြင့် တွေးကြည့်ရန်ပင် မလိုသည့်အချက်များဖြစ်သည်။

တစ်နည်းအားဖြင့် Airbus ၏မိတ်ဖက် တရုတ် AVIC နှင့် မြန်မာစစ်အုပ်စုအကြား လုပ်ကိုင်နေသည့် စစ်လက်နက်ရောင်းဝယ်မှုလုပ်ငန်းများသည် ၄င်းတို့၏ ကျင့်ဝတ်ပိုင်းဆိုင်ရာနှင့် လိုက်နာရမည့် လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများကို တိတိလင်းလင်းချိုးဖောက်ရာ ချိုးဖောက်ကြောင်း ဖြစ်နေခြင်း ဆိုသည်ကို ပြင်သစ်အစိုးရ၊ ဂျာမဏီအစိုးရ၊ စပိန်အစိုးရနှင့် Airbus ကုမ္ပဏီကိုယ်တိုင် ဧကန်မုချ သိရှိပြီး ဖြစ်မည်ဖြစ်သည်။

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ကလည်း “မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးပို့သည့် စစ်လက်နက်များကို နိုင်ငံတကာ ဥပဒေချိုးဖောက်၍ အရပ်သားပြည်သူများအပေါ် တိုက်ခိုက်ရာတွင် စစ်တပ်က အသုံးပြုလိမ့်မည် ဆိုသည်ကို အဖွဲ့ဝင်နိုင်ငံအားလုံးအနေဖြင့် သိရှိခဲ့ကြ သို့မဟုတ် မျှော်တွေးနိုင်ခဲ့ကြရမည်သာ ဖြစ်သည်”ဟု ထောက်ပြရေးသားခဲ့သည်။

Airbus ကုမ္ပဏီကြီး၏ ရှယ်ယာအများစုကို ပိုင်ဆိုင်ထားသော စပိန်၊ ဂျာမဏီနှင့် ပြင်သစ်အစိုးရများသည် မြန်မာစစ်အုပ်စု၏ စစ်ရာဇဝတ်မှုများအပေါ် လူသိရှင်ကြား ရှုတ်ချခြင်း တနည်း စစ်အုပ်စုထံ လက်နက်စီးဆင်းမှု ရပ်တန့်အောင် ဆောင်ရွက်မည်ဟု ကတိကဝတ်ပြုခြင်း များလုပ်ဆောင်ခဲ့ကြသော်လည်း၊ လက်တွေ့တွင် ၄င်းတို့ပိုင် Airbus နှင့် မြန်မာစစ်တပ်ကို တစိုက်မတ်မတ် ထောက်ပံ့နေသည့် တရုတ် AVIC တို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်နေမှုများကိုမူ မသိကျွိုးကျွံ နှုတ်ဆိတ်နေခဲ့ကြခြင်းဖြစ်သည်။

ပြင်သစ်၊ စပိန်နဲ့ ဂျာမဏီအစိုးရများအနေဖြင့် Airbus ကုမ္ပဏီ၏ မိတ်ဖက် သို့မဟုတ် Airbus က ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီများသည် စစ်ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေသည်ဆိုပါက အရေးယူဆောင်ရွက်ရန် တာဝန်ဝတ္တရားရှိနေသည်ဟု Justice for Myanmar အဖွဲ့က ထုတ်ပြန်ပြောဆိုခဲ့သည်။

ဥရောပကုမ္ပဏီကြီးဖြစ်သည့် Airbus အနေဖြင့် ၄င်း၏မဟာဗျူဟာမိတ်ဖက် တရုတ်လက်နက်ကုမ္ပဏီ AVIC နှင့်၎င်း၏ ကုမ္ပဏီခွဲများက မြန်မာစစ်အုပ်စုထံ စစ်လေယာဉ်၊ စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်း လွှဲပြောင်းပေးပို့နေမှု၊ ပြုပြင်ထိန်းသိမ်းမှု၊ လေ့ကျင့်သင်ကြားမှုနှင့် နည်းပညာပံ့ပိုးမှု များကိုရပ်တန့်စေရန်အတွက် ၎င်း၏သြဇာအရှိန်အဝါကို အသုံးပြုပြီး ဖိအားပေးလုပ်ဆောင်ရန် လိုအပ်သည် ဟုလည်း ဆိုသည်။

အကယ်၍ တရုတ် AVIC အနေဖြင့် မြန်မာစစ်အုပ်စုနှင့် စီးပွားရေးလုပ်ငန်းအားလုံးကို အဆုံးသတ်ရန် ငြင်းဆိုပါက၊ အခြားရင်းနှီးမြှပ်နှံသူများနည်းတူ Airbus အနေဖြင့် AviChina (AVIC) မှ ၄င်း၏ ရင်း နှီးမြှုပ်နှံမှုများကို ရုတ်သိမ်း၍ ဆက်ဆံရေးကို အဆုံးသတ်ရန်သာရှိမည်ဖြစ်ပြီး၊ ဒါသည် ရိုးရှင်းလှသော ကိစ္စသာဖြစ်သည်ဟု JFM ကထောက်ပြပြောဆိုခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article