27 C
Yangon

လားရှိုးမြို့နှင့် ရမခ ကို ပြန်သိမ်းရန် စစ်ကောင်စီက စစ်ရေး ပြင်ဆင်ခိုင်းနေပြီး များမကြာမီ ထိုးစစ် စတင်ရန်ရှိ၊ လားရှိုးမှာ MNDAA နှင့် လုံး၀ မသက်ဆိုင်သော နယ်မြေဖြစ်၍ ပြန်ယူရမည်ဟု မင်းအောင်လှိုင် ညွှန်ကြားပြန်

Must read

လားရှိုးမြို့နှင့် ရမခ ကို ပြန်သိမ်းရန် စစ်ကောင်စီက စစ်ရေး ပြင်ဆင်ခိုင်းနေပြီး များမကြာမီ ထိုးစစ် စတင်ရန်ရှိ၊ လားရှိုးမှာ MNDAA နှင့် လုံး၀ မသက်ဆိုင်သော နယ်မြေဖြစ်၍ ပြန်ယူရမည်ဟု မင်းအောင်လှိုင် ညွှန်ကြားပြန်

ရန်ကုန်၊ အောက်တိုဘာ ၅

အကြမ်းဖက်စစ်ကောင်စီက လားရှိုးမြို့နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်ရန် စစ်ရေး ပြင်ဆင်ခိုင်းနေပြီး များမကြာမီ ထိုးစစ် စတင်တော့မည်ဖြစ်ကြောင်း နေပြည် တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်သော “ရန်နိုင်မင်း” စစ်ဆင်ရေးအရ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် ပထမဆုံး ပြန်လည် သိမ်းယူရန် ညွှန်ကြားခံရသည့် နယ်မြေမှာ လားရှိုးမြို့နှင့် ရမခ တိုင်းစစ်ဌာနချုပ်ဖြစ်ကြောင်း၊ လားရှိုးနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ပြန်လည် သိမ်းပိုက်ရန် စစ်ရုံးမှ ညွှန်ကြားချက်များစွာ ထွက်ရှိလာနေကြောင်း၊ လတ် တလော တန့်ယန်းနှင့် မိုင်းရယ်မြို့များဘက်တွင် စစ်ကောင်စီက စစ်အင်အားဖြည့်တင်းနေသကဲ့သို့ လားရှိုးမြို့ကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်ချိန်တွင် စစ်ကူနှင့်ထောက်ပို့များ ပေးပို့နိုင်မည့် အမြန်ဆုံးနှင့် အလွယ်ကူဆုံး လမ်းကြောင်းများကိုလည်း ရှာဖွေကာ လုံခြုံရေး တည်ဆောက်ခိုင်းနေကြောင်း၊ ရန်နိုင်မင်း စစ်ဆင်ရေးနှင့်ပတ်သက်ပြီး ညွှန်ကြားချက်များစွာ စစ်ကောင်စီထိပ်ပိုင်းက ပေး နေကြောင်း သိရှိရသည်။

“လားရှိုးက MNDAA ရဲ့ နေရာမဟုတ်ဘူး။ ဘယ်လိုမှလည်း မသက်ဆိုင်ဘူး။ အဲဒါကြောင့် ပြန်လည်သိမ်းယူရမယ်ဆိုတဲ့ တပ်ချုပ်ရဲ့ ညွှန်ကြားချက်လည်း ထွက်ရှိလာပါတယ်။ စစ်အင်အားဖြည့် တင်းဖို့ နယ်မြေတွေအလိုက် ပို့ရမယ့်အင်အားစာရင်းတွေလည်း ထွက်ပါတယ်။ အရေးကြီးဆုံးက စစ်ကူနဲ့ထောက်ပို့ အမြန်ဆုံးပို့နိုင်တဲ့ လမ်းကြောင်းတွေ ရှာဖွေ စီစဉ်ထားဖို့၊ လမ်းကြောင်းတွေကို မပြတ်သွားအောင် လုံခြုံရေး စီမံထားဖို့ လည်းပါတယ်။ စစ်အင်အားမှာ ပြည်သူ့စစ်မှုထမ်းသင် တန်းဆင်း၊ ပြည်သူ့စစ်နဲ့ လက်ရုံးတပ်၊ တိုက်ခိုက်ရေးတပ်က အင်အားတွေ ထုတ်နုတ်ပေးပို့မှုတွေ ရှိပါတယ်။ လားရှိုးကို တိုက်ခိုက်ရင် စစ်ဆင်ရေးမှာ လေကြောင်းနဲ့ မြေပြင် ထိုးစစ် ဟန်ချက်ညီညီ တိုက် ခိုက်မယ့် လမ်းညွှန်ချက်လည်းရှိပါတယ်။ ညွှန်ကြားချက်တွေအရတော့ ဒီနှစ်မကုန်ခင် လားရှိုးကို ပြန်သိမ်းမယ့် အခြေအနေလို့ ပြောလို့ရတယ်” ဟု နေပြည်တော်စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

လားရှိုးနှင့် ရမခကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်မည့်စစ်ဆင်ရေးတွင် မင်းအောင်လှိုင် ကိုယ်တိုင် ဦးစီး ဦးဆောင် ပြုလုပ်လျက်ရှိရာ အမှန်တကယ် မြေပြင်တွင် ထိုးစစ်များ စတင်ချိန် စစ်ကူနှင့် ထောက်ပို့အင်အားကို ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် တောင်ပိုင်းမှ အမြန်ဆုံးနှင့် အလွယ်ကူဆုံး အဓိက ထောက်ပို့ရန် စီစဉ်ထားကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်၏ အခြားစစ်ဘက်သတင်းရင်းမြစ်တစ်ခုကလည်း ယခု အောက်တိုဘာလအတွင်း ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၄ သင်တန်းဆင်းရန် ရှိနေပြီး ယင်းသင်တန်းဆင်း စစ်အင်အားအများစုမှာ လားရှိုးမြို့နှင့် ရမခကို ပြန်လည် သိမ်းယူရေး စစ်ဆင်ရေး တွင် အများစု ပါဝင်ရန် ရှိနေကြောင်း ပြောဆိုသည်။

ဓာတ်ပုံ- စစ်ရေးပြအခမ်းအနား တက်ရောက်နေသည့် အကြမ်းဖက် မင်းအောင်လှိုင်။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- Reuters ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article