29 C
Yangon

တောင်ငူရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးထက်မနည်းသေဆုံး

Must read

တောင်ငူရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးထက်မနည်းသေဆုံး

ရန်ကုန်၊အောက်တိုဘာ ၅

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့ဒုံးများဖြင့်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရရှိသူများ ရှိကြောင်း Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၃ နာရီ ၄၀ မိနစ်အချိန် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် NSA31 မြို့ပြပြောက်ကျားအဖွဲ့နှင့် စစ်တောင်းမြစ်ဝှမ်း ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့က တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်(တပခ) အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးကို Mission 23 အနေဖြင့် ပစ်ခတ်ရာ ရှော့တိုက်ဒုံး၄ လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် စခန်းရုံး ခေါင်မိုးပွင့်ပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံး ကာ တပ်ရေးဗိုလ်ကြီး ၁ ဦး ဒဏ်ရာရှိကြောင်း၊ ကင်းတဲပွင့်၍ စစ်တပ်ဘက်မှ ၂ သေဆုံးမှုရှိကြောင်း၊ အရာရှိနေအိမ်လိုင်းခန်းထိမှန်ပြီး အရာရှိ ၃ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ကျနော်တို့ ရဲဘော်တွေက စစ်ခွေးတွေလုံခြုံရေး ပတ်ပတ်လည်ချထားတဲ့ကြားထဲကဝင်ပစ်ခဲ့ရတာပါ။ တလမ်းလုံးနုံးတွေကဒူးလောကိရှိတယ်ဆိုတော့ပစ္စည်းတွေနဲ့ ဆိုတော့ အတော်ရုန်းရတယ်။ ၃ လုံးတစ်ခါ ၊ ၂ လုံး တစ်ခါ ပစ်တယ် ။ ပထမ ၃ လုံး မှာ အလယ် တစ်လုံးမထွက်၊ နောက်ထပ် ၂ လုံးက ၂ လုံးလုံး ထွက်တယ် ။ စစ်တပ်ရဲ့ ကင်းထောက် Drone က ချက်ချင်းရောက်လာတယ်။ တန်ပြန်တာမျိုး ဒီတစ်ခေါက်ချက်ချင်းမလုပ်ဘူး၊ အဲလိုမပစ်ဘူးဆိုတာက ကျနော်တို့က ခွေးကြားထဲမှာမို့ တန်ပြန်ပစ်ရင် သူတို့အပေါ်ပြန်ကျမှာစိုးလို့လို့ မြင်မိတယ်”ဟု Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူက ရှင်းပြသည်။

စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) သည် ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်အတွင်း တော်လှန်ရေး အင်အား စုများကို တိုက်ခိုက်နေသော စစ်တပ်ရင်းများအား အမိန့်ပေးကွပ်ကဲနေသည့် အဓိက တိုင်းစစ်ဌာနချုပ်တစ်ခု ဖြစ်ကြောင်း၊ လတ်တလော စစ်ကောင်စီအတွက် Drone အစင်း ၁၀၀ မှာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ရောက်ရှိ နေသည်ဟု သိရ၍ တော်လှန်ရေး ညီအစ်ကိုမောင်နှများကို ကူညီသည့်အနေဖြင့် BWM နှင့် မဟာမိတ် အဖွဲ့က ယနေ့ တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏တိုင်းစစ်ဌာနချုပ်များသည် သက်ဆိုင်ရာဒေသအသီးသီးရှိနယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များကို အဓိက ကြိုးကိုင် ကွပ်ကဲနေသော ပင်မစစ်ဗဟိုချက်နေရာကြီးများဖြစ်သည့်အတွက် ထိုတိုင်းစစ်ဌာနချုပ်များကို တိုက်ရိုက်တိုက်ခိုက်၍ အင်အား ချိနဲ့စေခြင်းက စစ်ကောင်စီ၏ Chain of Command အောက်တွင်ရှိသော မြေပြင်လက်ရုံးတပ်ရင်းတပ်ဖွဲ့များကိုလည်း အလို အလျောက် အင်အားချိနဲ့စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် BWM နှင့် မဟာမိတ်အဖွဲ့များသည် တိုင်းစစ်ဌာန ချုပ်များကို လေတပ် စခန်းများ ကဲ့သို့ပင် အထူးပစ်မှတ်ထား၍ တိုက်ခိုက်နေခြင်းဖြစ် ကြောင်း သိရှိရသည်။

“ကျနော်တို့ရဲဘော်တွေဟာ စခတွေပါတ်ချာလည်ဝိုင်းနေတဲ့ကြားကနေ ဒီမစ်ရှင်ကို စွန့်စွန့်စားစား ခက်ခက်ခဲခဲ လုပ်ခဲ့ရတာပါ၊ လမ်းတလျှောက် ရေကကြီးထားတော့ ရွှံ့တွေ၊ နှုံးတွေ ဒူးလောက်ရှိ တယ်။ အဲဒီကြားက ပစ္စည်းတွေနဲ့ တော်တော်ရုန်းပြီး အမြန်ပစ်ပြီး ပြန်ထွက်ခဲ့ရတာပါ။ ဒါကြောင့် ပါဝင်ခဲ့တဲ့ ရဲဘော်တွေနဲ့ မဟာမိတ်တွေ အားလုံးကို အထူးပဲ ကျေးဇူးတင် လေးစားကြောင်း ပြောချင်ပါတယ်” ဟု Brave Warriors for Myanmar (BWM)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခု စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်သော မစ်ရှင် သည် BWM ၏ ၂၃ ခုမြောက်မစ်ရှင်ဖြစ်ပြီး တောင်ပိုင်းတိုင်းစစ်ဌာချုပ်ကို ပထမဆုံးအကြိမ် တိုက်ခိုက်မှု ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်နေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article