ရန်ကုန်၊ မေ ၁၀
မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်ဘုရား ကဆုန်ညောင်ရေသွန်းပွဲတော်ကို မဖြစ်မနေ ကျင်းပရန် ကျေးရွာ ၁၃ ရွာကို မန္တလေးတိုင်း စစ်ကောင်စီက ဖိအားပေးလျက်ရှိပြီး ကျေးရွာတစ်ရွာလျှင် ငွေကျပ် ၅ သိန်းမှ ၇ သိန်းအထိ ပေးမည်ဟု မက်လုံးပေးလာကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အမရပူရမြို့နယ်၊ ရွှေကြက်ယက်တိုက်နယ်၊ ၁၃ ရွာအား မန်းတိုင်းစကစမှ တစ်ရွာလျှင် ကျပ် ၇သိန်းစီ ထုတ်ပေးကာ မဖြစ်မနေ ညောင်ရေသွန်းပွဲတော် ကျင်းပပေးရန် ဖိအားပေးခိုင်းစေလျက်ရှိကြောင်း၊ ပုံမှန်အားဖြင့် ရွှေကြက်ယက်ဘုရား ကဆုန် ညောင်ရေသွန်းပွဲတော်ကို ကဆုန်လဆန်း၁၄ရက်နေ့လယ်ပိုင်းတွင် ဘုရားဂေါပက ကျေးရွာ ၁၃-ရွာတို့မှ အတီးအမှုတ်အကအခုန်များဖြင့် လှည့်လည်တက်ရောက်ခါ ညောင်ရေသွန်းလောင်းလေ့ ရှိကြကြောင်း သိရှိရသည်။
သို့ရာတွင် လက်ရှိ ကိုဗစ်ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် ညောင်ရေသွန်းပွဲတော်ကို မကျင်းပခဲ့သည်မှာ ၂နှစ်ရှိပြီ ဖြစ်ကြောင်း၊ ကျေးရွာများအနေဖြင့် အလုပ်အကိုင်၊စီးပွားရေးများကျဆင်းနေသဖြင့် ညောင်ရေသွန်းပွဲတော်ကို ကျင်းပရန် အစီအစဉ်မရှိကြသော်လည်း ယခုနှစ်တွင် စစ်တပ်က တစ်ရွာလျင် ကျပ် ၅ သိန်းမှ ၇ သိန်းအထိ ညောင်ရေသွန်းပွဲတော် မဖြစ်မနေတက်ရောက်ရန် ဖိအားပေးခိုင်းစေလျက်ရှိကြောင်း သိရှိရသည်။
“ကိုယ့်ပြည်သူတွေ သေနေရတယ်။ အဖမ်းခံနေရတယ်။ အိုးအိမ်တွေစွန့်ပြီး ထွက်ပြေးနေရတယ်။ စီးပွားရေးတွေလည်း မကောင်းဘူး။ ဒီလိုအခြေအနေမှာ ဘုရားပွဲကို မလုပ်ချင်ဘူး။ ကျနော်တို့ ပျော်မနေဘူး။ ကျနော်တို့ နေ့တိုင်း စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေရတာ။ အခုက စစ်တပ်ဘက်က ရွာတွေကို ဘုရားပွဲ မလုပ်မနေရ ဖိအားပေးတယ်။ ရွှေကြက်ယက်ဘုရားပွဲကို အရင်လို စည်ကားအောင်လုပ်ရမယ်ပေါ့။ ရွာတွေကို တစ်ရွာကို ၅ သိန်း၊ ၁၀ သိန်း ပေးပြီး စည်းကားအောင် စစ်တပ်ဘက်က လုပ်ခိုင်းတယ်။ ဘုရားပွဲက ဒီလ ၁၃ ရက်နေ့စမယ်။ ပွဲတော်ရက်အတွင်းမှာ တစ်ရွာကို စစ်ခွေးငါးကောင်ချပေးမယ်တဲ့။ ရွာကလူတွေနဲ့ စစ်ခွေးနဲ့ပေါင်းပြီး ကင်းလုပ်ခိုင်းတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် ဘုရားပွဲတော်ကာလနှင့် ဘုရားပွဲကာလအပြီး ကျေးရွာများတွင် ပျူစောထီးစစ်သင်တန်း(ခေါ်) ပြည်သူ့လုံခြုံရေးသင်တန်းများ ပို့ချပေးမည်ဟု စစ်တပ်က ပြောဆိုလာပြီး ကျေးရွာတွင် လူစုဆောင်းခိုင်းမှုများလည်း ရှိနေကြောင်း သိရှိရသည်။