30 C
Yangon

ရန်ကုန်တွင် တစ်ညလုံး မိုးသည်းထန်စွာ ရွာသွန်းသဖြင့် တစ်မြို့လုံး ရေကြီးရေလျှံမှုများဖြစ်ပေါ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ ဘင်္ဂလားပင်လယ်အော်တွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ပြီး မြန်မာနိုင်ငံတစ်ဝန်း မိုးကြီးမှုနှင့် မြေပြိုမှုများဖြစ်နိုင်ဟု မိုး/ဇလ သတိပေး

Must read

ရန်ကုန်တွင် တစ်ညလုံး မိုးသည်းထန်စွာ ရွာသွန်းသဖြင့် တစ်မြို့လုံး ရေကြီးရေလျှံမှုများဖြစ်ပေါ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ ဘင်္ဂလားပင်လယ်အော်တွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ပြီး မြန်မာနိုင်ငံတစ်ဝန်း မိုးကြီးမှုနှင့် မြေပြိုမှုများဖြစ်နိုင်ဟု မိုး/ဇလ သတိပေး

ရန်ကုန်၊ အောက်တိုဘာ ၂၁

ရန်ကုန်မြို့တွင် ယမန်နေ့ညပိုင်း တစ်ညလုံး မိုးသည်းထန်စွာ ရွာသွန်းသဖြင့် တစ်မြို့လုံး ယနေ့ နံနက်ပိုင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း ရန်ကုန်မြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ယမန်နေ့ညပိုင်းမှ ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် နံနက် ၄ နာရီမှစတင်၍ မရမ်းကုန်းမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ လသာမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ကမာရွတ်မြို့နယ်၊ တာမွေမြို့နယ် အပါအဝင် မြို့နယ်အများစုတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း သိရှိရသည်။

“အခု ကားနဲ့ လျှောက်ကြည့်တာတော့ သမိုင်းလမ်းဆုံ၊ ရွာမကွေ့၊ လသာမြို့ထဲဘက်၊ မြောက်ဒဂုံ ဘေလီတံတားအဆင်း၊ အင်းစိန်ပန်းခြံနားတွေ ရေကြီးနေတယ်။ တော်တော်များများနေရာတွေ ရေလျှံနေတာ။ ဘုရင့်နောင်ပွဲရုံဘက်အခြမ်းမှာလည်း ရေကြီးပေမယ့် ကားတွေ သွား လာလို့ရတယ်။ တချို့အနိမ့်ပိုင်းတွေတော့ ကားသေးတွေ သွားမရဘူး။ ကားကြီးတွေပဲ သွားလို့ရတယ်။ မိုးအရမ်းရွာတာကြောင့် ရေတင်ကုန်တာ။ မြောင်းစနစ်တွေကလည်း သိပ်မကောင်း တော့ ရေက တော်တော်နဲ့ မဆင်းဘူး။ မိုးကတော့ တဖွဲဖွဲရွာတုန်းပဲ” ဟု ရန်ကုန်မြို့မှ တက္ကစီယာဉ်မောင်းတစ်ဦးက ရှင်းပြသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက် ၇ နာရီ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်းတို့တွင် ဆက်လက်တည်ရှိနေကြောင်း၊ အဆိုပါ လေဖိအားနည်းဆဲလ်သည် ပိုမိုအားကောင်းလာနိုင်ကာ လာမည့် ၆နာရီအတွင်း လေဖိအားနည်းရပ်ဝန်း(Low Pressure Area) အဖြစ်သို့လည်းကောင်း၊ ထိုမှတစ်ဆင့် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း၊ အောက်တိုဘာလ ၂၂ ရက်နေ့ တွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့လည်းကောင်း၊ အောက်တိုဘာလ ၂၃ ရက်နေ့ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ လည်းကောင်း ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

လက်ရှိ လေဖိအားနည်းဆဲလ်နှင့် ဖြစ်ပေါ်လာနိုင်သော လေဖိအားနည်းရပ်ဝန်းတို့၏ အရှိန်ကြောင့် ယနေ့နံနက်မှ အောက်တိုဘာလ ၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ စိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်မိုးကြီးခြင်း၊ နေရာ ကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်း မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ကြောင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန် သတိပေးထားသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း ရန်ကုန်မြို့တစ်ဝန်း​ရေကြီးရေလျှံမှုများဖြစ်ပေါ်နေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article