မတ္တရာမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပြီး မြေပြင်မှလည်း ရွာသစ်ရွာကို စစ်ကြောင်းထိုး မီးရှို့ ဖျက်ဆီး
ရန်ကုန်၊ အောက်တိုဘာ ၂၆
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပြီး မြေပြင်မှလည်း ရွာသစ်ရွာကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့ကြောင်း Wetlet Informational Network အဖွဲ့ တာဝန်ခံ ကိုနဂါးလေးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်တွင် မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး မြေပြင်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်သားများက ရွာသစ်ရွာကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည့် မတ္တရာမြို့နယ်အတွင်း မြေပြင် စစ်ကြောင်းများဖြင့်ပါ ကျေးရွာများကို ဝင်ရောက် စီးနင်းနေခြင်းဖြစ်ပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်မှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
“စစ်တပ်က လေကြောင်း တိုက်ခိုက်ပြီး မကြာဘူး။ မြေပြင် စစ်ကြောင်းကနေပြီးတော့ ရွာသစ်ရွာကို ဝင်ရောက် စီးနင်း မီးရှို့တာပဲ အိမ်ခြေပျက်စီးမှုများနိုင်တယ်။ စစ်ခွေးတွေ မီးရှို့တာ ၃ နာရီလောက်ကြာတယ်” ဟု Wetlet Informational Network အဖွဲ့ တာဝန်ခံ ကိုနဂါးလေးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်မီးရှို့ ဖျက်ဆီးခြင်းကြောင့် ရွာသစ်ရွာရှိ မီးလောင် ပျက်စီးသွားသော နေအိမ် အရေအတွက်ကို အတည်မပြုနိုင်သေးဘဲ ပြည်သူများ ဖမ်းဆီးခံရမှု ရှိမရှိကိုလည်း အတည်မပြုနိုင်သေးကြောင်း သိရသည်။
