ဘုတလင်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်၊ မြေပြင်တွင်လည်း စစ်ကြောင်းထိုးနေ
ရန်ကုန်၊ အောက်တိုဘာ ၂၇
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး မြေပြင်တွင်လည်း စစ်ကြောင်းထိုးနေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၅ နာရီ ၄၃ မိနစ်နှင့် ၄၅ မိနစ်ခန့်တွင် ဘုတလင်မြို့နယ်ရှိ လက်ပံရွာ၊ နတ်ရွာ နှင့် မြင်သာရွာ တို့ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်မှု ရှိမရှိကို အတည်မပြုနိုင်သေးဘဲ မြေပြင်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း ပဲမြစ်တောအရှေ့ရွာကို ထပ်မံ ဝင်ရောက် စီးနင်းပြီး တပ်စွဲထားကြောင်း သိရှိရသည်။
“အခုညနေပိုင်း မိတ္ထီလာ ရှမ်းတဲက တက်လာတဲ့ MiG-29 ဖိုက်တာ ၂ စီးနဲ့ လက်ရှိ စစ်ကြောင်းထိုးနေတဲ့ ပဲမြစ်တောရွာ အနီး ဘုတလင်နယ်မြောက်ဘက်ခြမ်း လက်ပံရွာ၊ နတ်ရွာနဲ့ မြင်သာရွာအနီးကို လေကြောင်းနဲ့ ၂ ကြိမ် ဗုံးကျဲသွားတယ်။ ထိခိုက်မှုအခြေအနေတော့ မသိရသေးဘူး။ အကြမ်းဖက် စစ်ကြောင်းက မနက်ပိုင်း ဘုတလင်ကနေ ထပ်ထွက်လာပြီး လက်ရှိ ပဲမြစ်တောအနောက်ရွာကို ပစ်ခတ် ဝင်ရောက်နေတယ်။ နေအိမ်တွေကို မွှေနှောက်ရှာဖွေဖျက်ဆီးထားခဲ့ပြီး ပဲမြစ်တောအရှေ့ရွာကို ထပ်မံဝင်ရောက် တပ်စွဲထားတယ်။ အခုလေကြောင်းတိုက်ခိုက်ခံလိုက်ရတဲ့ရွာတွေက တပ်စွဲထား စစ်ကြောင်းရှိနေတဲ့ ပဲမြစ်တောအရှေ့ရွာနဲ့က ကြားထဲမှာ ၂ရွာခြားသေးတယ်။ ဘာမှမဆိုင်တဲ့ ပြည်သူတွေရှိနေတဲ့ဘက်ကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်သွားတာ” ဟု ရေဦး အခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ပြောဆိုသည်။