27.4 C
Yangon

ပုလဲနှင့် ယင်းမာပင်တို့တွင် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက် စီးနင်းကာ ပြည်သူပိုင် တန်ဖိုးကြီးပစ္စည်းများကို စိတ်ကြိုက် ခိုးယူသွားနေ၍ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဇွန် ၂၆

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နှင့်ယင်းမာပင်မြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက် စီးနင်ကာ ပြည်သူပိုင် တန်ဖိုးကြီးပစ္စည်းများကို စိတ်ကြိုက် ခိုးယူသွားနေ၍ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ပုလဲမြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပုလဲမြို့နယ်၊ ချောင်းကန်ကျေးရွာအတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက်စီးနင်းပြီးနောက် အကြမ်းဖက် စစ်တပ်က ချောင်းကန်ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များကို အတင်းအဓမ္မ ဝင်ရောက်မွှေနှောက်ကာ တန်ဖိုးကြီးပစ္စည်းများကို ခိုးယူလုယက်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် ၎င်းတို့ခိုးယူထားသည့် ပြည်သူပိုင်ပစ္စည်းများကို ကား၊ ဆိုင်ကယ်များဖြင့် ပုလဲမြို့ထဲသို့ ခိုးယူသွားကြောင်း သိရသည်။

ထို့ပြင် ဇွန်လ ၂၁ ရက်နေ့တွင် ပုလဲမြို့နယ်၊ လက်တောင်းကြီးကျေးရွာအတွင်းကို ရောက်ရှိခဲ့သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ယင်းနေ့ည ၇ နာရီခန့်တွင် ချောင်းကန်ကျေးရွာအတွင်းကို လက်နှက်ငယ်များ ရမ်းသမ်းပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

“ဒီနေ့မွန်းလွဲပိုင်း ပုလဲမြို့ပေါ်ကနေထွက်လာတဲ့ စစ်ခွေးစစ်ကြောင်းက ချောင်းကန်ရွာကို စစ်ကြောင်းထိုးလာပြီး ရွာထဲကပြည်သူပိုင်အိမ်ကတွေကို တစ်အိမ်တက်တစ်အိမ်ဆင်း ဝင်မွှေပြီး တန်းဖိုးကြီးတဲ့ ပြည်သူ့ပစ္စည်းတွေမှန်မသမျှကို ခိုးယူသွားပါတယ်။ ညနေပိုင်းလောက်ကျတော့ ခိုးလာတဲ့ ပစ္စည်းတွေကို ကားတွေ၊ ဆိုင်ကယ်တွေနဲ့ တင်ပြီး ပုလဲမြို့ထဲကို ပြန်ဝင်သွားကြပြီလို့ ကြားတယ်။ ဟိုတစ်နေ့ကလည်း အဲလိုပဲ စစ်ခွေးတွေက ချောင်းကန်ရွာကို သေနတ်ပစ်ဖောက်ပြီး ဝင်သေးတယ်ကြားတယ်။ ယင်းမာပင်နယ် လည်ငေါက်ရွာရှိတဲ့ စစ်ခွေးတွေကလည်း မနက်က တမာပင်ခွရွာကိုဝင်ပြီး ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူပြီး လည်ငေါက်ရွာဘက်သယ်ယူသွားတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ယနေ့ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင်လည်း ယင်းမာပင်မြို့နယ်၊ လည်ငေါက်ကျေးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ငါးမောင်းအနောက်ရွာမှ တမာပင်ဂွကျေးရွာအတွင်းသို့ သေနတ်များရမ်းသမ်းပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က တမာပင်ခွရွာရှိ ပြည်သူပိုင်နေအိမ်များမှ ပစ္စည်းများကို ခိုးယူကာ လည်ငေါက်ရွာအတွင်းကို သယ်ဆောင်သွားကြောင်း သိရှိရသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်ရှိ စစ်ကြောင်းထိုးခံရသည် ကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာကို ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာများကို လေကြောင်း၊ လက်နက်များဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခြင်း၊ မြေပြင်တွင်လည်း ကျေးရွာများအတွင်း စစ်ကြောင်းထိုးဝင်ရောက်ကာ ပြည်သူများကို ဖမ်းဆီးခြင်းနှင့် ပြည်သူပိုင်ပစ္စည်းများကို ခိုးယူလုယက်၍ ပြန်လည်ရောင်းစားနေကြောင်း၊ ထိုသို့ အကြမ်းဖက် စစ်တပ်၏ ဒေသပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းကြောင့် ပြည်သူများအနေဖြင့် စစ်ရေးသတိ လေကြောင်း သတိရှိကြရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးနှိုးဆော်ထားသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ခုကို အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာ၍ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article