ရန်ကုန်၊ မေ ၁၂
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး-ယင်းမာပင်လမ်းတွင် စစ်ကောင်စီတပ်ဘက်မှ PDF ကို အပြတ်ချေမှုန်းမည်ဟု ကြွေးကြော်ခဲ့သော ဒုတိယဗိုလ်မှူးကြီး တင့်ထူးနိုင် မိုင်းဆွဲခံရ၍ သေဆုံးသွားပြီး ယနေ့ စစ်အခမ်းအနားဖြင့် သဂြိုလ်မည်ဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သော အသိုင်းအဝိုင်းထံမှ သိရှိရသည်။
မေလ ၁၀ ရက်နေ့ ဆားလင်းကြီး-ယင်းမာပင်လမ်းတွင် စစ်ကောင်စီယာဉ်တန်းများ မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ကလေးမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တင့်ထူးနိုင် အသက် ၃၉ နှစ်၊ စစ်တက္ကသိုလ် အပတ်စဉ် ၄၆ သေဆုံးသွားကြောင်း၊ အလောင်းကို မုံရွာ နမခ ထဲသို့ ယူဆောင်ထားပြီး ယနေ့ မေလ ၁၂ ရက်နေ့တွင် အခမ်းအနားဖြင့် သဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။
“သူ့မိန်းမက ကလေးမြို့ကနေ ရဟတ်ယာဉ်နဲ့ မုံရွာကို ရောက်နေပြီ။ သူ့မိဘ၊ အဒေါ်တွေနဲ့ ညီမတွေ ရန်ကုန်ကနေ ကတိုက်ကရိုက်နဲ့ လိုက်သွားကြတယ်။ မေလ ၁၂ ရက်နေ့ နာရေး သဂြိုလ်ပြီး ပြန်လာမှ ရန်ကုန်မှာ ရက်လည်လုပ်မယ်။ သူ့အမေက သင်္ဃန်းကျွန်း ဇဝနမှာနေပါတယ်။ သူ့မိန်းမက ပျဉ်းမနားသူ။ အသက် ၈ နှစ် သားသမီးတစ်ဦး ကျန်တယ်။ သူကအာဏာသိမ်းတာကို သဘောကျပြီး PDF တွေကိုအပြတ်ချေမှုန်းမယ်ဆိုပြီး ကြွေးကြော်တဲ့သူ။ သဘောထားအရမ်းတင်းမာသူပါ” ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောဆိုသည်။
ဒုဗိုလ်မှူးကြီး တင့်ထူးနိုင်သည် ဂျိုင်းအောက် မိုင်းစ ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ ကလေးမြို့ နယ်တိုက်ပွဲတွင် ဧပြီလ ၂၂ ရက်နေ့က သေဆုံးသွားသော ခလရ ၈၇ မှ ကြည်း-၅၁၀၉၅ ဗိုလ်ကြီးထက်အောင်ခိုင်၊ ခလရ ၂၈ မှ တ-၅၆၇၈၆၈ တပ်သားရန်နိုင်ကျော်၊ လှုပ်ရှားတပ်ခွဲ ၆ မှ လ-၂၂၅၃၆၂ ရဲ ဒုတပ်ကြပ် စိုးမင်းသူ၊ အင်းကျွန်းမှ ပြည်သူ့စစ်(ခ) ပျူစောထီး ခိုင်ဇော်လင်းတို့ အလောင်းကို မေလ ၁၀ ရက်နေ့တွင် သွားရောက် ဖော်ယူပြီး အင်းကျွန်းကျေးရွာ သုဿာန်တွင် မီးသဂြိုလ်ကြောင်း၊ သေဆုံးပြီး ရက် ၁၉ ရက် အကြာ အရိုးကျမှ သွားရောက် ဖော်ယူ သဂြိုလ်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဗိုလ်ကြီးထက်အောင်ခိုင် အလောင်း အပါအဝင် အလောင်းများ ကို ဖော်ယူ သဂြိုလ်ရေးတွင် လှုပ်ရှားတပ်ခွဲ ၆ မှ ဒုရဲအုပ်ချစ်ကိုကို၊ ခလရ ၈၉ မှ ဗိုလ်ကြီးရာဇာမျိုး၊ ကျောက်ပြုတ် ပြည်သူ့စစ်(ခ)ပျူစောထီးခေါင်းဆောင် ဉာဏ်လင်းအောင်၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာ အခြေပြု ဗိုလ်မှူးသန်းနိုင်၊ ခလရ ၂၆၈ မှ ဗိုလ်ကြီး ဇွဲသူထွန်းတို့ ဦးဆောင်သော အဖွဲ့စုံက ပူးပေါင်းဆောင်ရွက်ခဲ့ရကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဧပြီလ ၂၂ ရက်နေ့ ကလေးမြို့နယ်၊ ရေရှင်ကျေးရွာတိုက်ပွဲတွင် သေဆုံးသွားကြသော ဗိုလ်ကြီးထက်အောင်ခိုင်အပါအဝင် စစ်သားအလောင်းများ။