ရန်ကုန်၊ မေ ၁၂
နေပြည်တော်ရှိ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ ဇနီးများ လာမည့် မေလ ၁၆ ရက်နေ့မှ ဇွန်လ ၁၀ ရက်နေ့အထိ ၁ လနီးပါး အခြေခံစစ်ရေးပြနှင့် လက်နက်ငယ်ကျွမ်းကျင်မှု သင်တန်းတက်ရောက်ရမည်ဖြစ်ကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှ ဝန်ထမ်းများ ၏ ဇနီးများအားလုံး အဆိုပါသင်တန်းကို တက်ရောက်ရမည်ဖြစ်ပြီး အသုတ်ခွဲ၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ နေပြည်တော်ဇမ္ဗူသီရိမြို့နယ်၊ အမှတ် ၄ မီးသတ်စခန်းတွင် သင်တန်းဖွင့်လှစ်မည် ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ သင်တန်းမတက်ရောက်လိုသော ဝန်ထမ်းများ၏ ဇနီးများမှာ ဆေးရုံ၊ ဆေးခန်းများတွင် ရောဂါမျိုးစုံပြသ၍ ကျန်းမာရေးမကောင်းဟု အကြောင်းပြကာ သင်တန်းကင်းလွတ်ခွင့် ရရှိရန် ကြိုးစားမှုများရှိနေကြောင်း သိရှိရသည်။
လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီ မင်းအောင်လှိုင်၏ ညွှန်ကြားချက်ဖြင့် ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းတွင် ပြည်သူ့လုံခြုံရေးအမည်ခံ အဖွဲ့များ ဖွဲ့စည်းနေကြောင်း၊ အဆိုပါ အဖွဲ့များကို လက် နက် တပ်ဆင်ရေးနှင့် စစ်ရေးသင်တန်းများ ပေးရန်လည်း ပြင်ဆင်နေကြောင်း သိရှိရသည်။
စစ်တပ်များတွင်လည်း အင်အားနည်းပါးနေသည့်အတွက် စစ်သားများ၏ ဇနီးများကို စစ်သင်တန်းပေးပြီး တပ်စခန်းလုံခြုံရေးနှင့် မြို့ပြလုံခြုံရေးများအတွက် စစ်ကောင်စီက အသုံးပြုနေရကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်တပ်တွင် လုံခြုံရေးယူနေရသည့် စစ်သားများ၏ ဇနီးတချို့။