27 C
Yangon

ကန့်ဘလူတွင် စစ်တပ်က ကျီစုရွာနှင့် ကျောက်တိုင်ရွာကို မီးရှို့ဖျက်ဆီးမှု ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း များအပါအဝင် နေအိမ် ၇၀၀ ကျော် ပျက်စီး

Must read

ကန့်ဘလူတွင် စစ်တပ်က ကျီစုရွာနှင့် ကျောက်တိုင်ရွာကို မီးရှို့ဖျက်ဆီးမှု ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း များအပါအဝင် နေအိမ် ၇၀၀ ကျော် ပျက်စီး

ရန်ကုန်၊ အောက်တိုဘာ ၃၁

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျီစုရွာနှင့် ကျောက်တိုင်ရွာကို မီးရှို့ဖျက်ဆီးခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ အပါအဝင် နေအိမ် ၇၀၀ ကျော် ပျက်စီးခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အောက်တိုဘာလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးသီချတိုက်ခိုက်မှုကြောင့် အိုင်ပေါင်းချောင်ရွာမှ အမျိုးသားတစ်ဦး ဗုံးစမှန်၍ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် အိုင်ပေါင်းချောင်ရွာမှ ဘုန်းကြီးကျောင်းအတွင်း စစ်ရှောင်နေသည့် အမျိုးသား ၃၄ ဦးနှင့် အမျိုးသမီး ၃ ဦး စုစုပေါင်း ပြည်သူ ၃၇ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးပြီး ကန့်ဘလူ ၆၀၀၆ တကရ တပ်သို့ ခေါ်ဆောင်သွားကာ ယခုအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရှိရသည်။

ထို့ပြင် ယင်းနေ့ မွန်းလွဲပိုင်းတွင် ကန့်ဘလူမြို့နယ် ကာဘိုးတိုက်နယ်အတွင်းရှိ ကျီစုရွာနှင့် ကျောက်တိုင်ရွာတို့ကို အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၆၀ ခန့်က ဝင်ရောက်မီးရှို့ဖျက်ဆီးပြီး Drone ဖြင့် ဗုံးသီးချ တိုက်ခိုက်ခြင်းကြောင့် ကျီစုရွာမှ ဘုန်းကြီးကျောင်း ၂ ကျောင်း နှင့် ပြည်သူပိုင်နေအိမ် ၄၀၀ ခန့် မီးလောင် ပြာကျပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ကျောက်တိုင်ရွာမှ ဘုန်းကြီးကျောင်း(မြောက်)ကျောင်း၊ စာသင်ဆောင် ၁ ဆောင် နှင့် ပြည်သူပိုင်နေအိမ် ၃၀၀ နီးပါးလည်း မီးလောင်ပြာကျ ပျက်စီးဆုံးရှုံးခဲ့ကာ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“တိုက်ပွဲမဖြစ် မြေပြင်မှာ ထိတွေ့မှု လုံးဝ မရှိပါဘူး။ လတ်တလောတော့ ကျောက်တိုင်နဲ့ ကျီစုက ပြည်သူတွေ ရှောင်နေရတယ်။ အိုင်ပေါင်းချောင်ရွာက ပြည်သူတွေ ဖမ်းခံရတာလည်း အောက်တိုဘာ ၃၀ ရက်နေ့ကပါပဲ”ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မီးရှို့ဖျက်ဆီးခံရသည့် ကျီစုရွာနှင့် ကျောက်တိုင်ရွာများသည် လွန်ခဲ့သည့် ၂ နှစ်ကလည်း ဝင်ရောက်မီးရှို့ဖျက်ဆီးခံထားရဖူးသည့် ကျေးရွာများ ဖြစ်ကြောင်း ၊ ပြည်သူများသည် နောက်ပိုင်းတွင်မှ အိမ်ပြန်ဆောက်၍ ဝင်ရောက်နေထိုင်နေကြချိန်တွင် ယခုအကြိမ်၌ ဘုန်းကြီးကျောင်းပါမကျန် မီးရှို့ဖျက်ဆီးခံလိုက်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article