ပွင့်ဖြူမြို့နယ်ရှိ ပုသိမ်-မုံရွာ လမ်းပိုင်းနှင့် ကျွဲခြံလယ်မရွာဘက်ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ ပုသိမ်-မုံရွာ လမ်းပိုင်းနှင့် ကျွဲခြံလယ်မရွာဘက်ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပုသိမ်-မုံရွာလမ်းပိုင်း တမံလမ်းခွဲ ၃ မိုင်ပေါက်ကို Mi-35 ရဟတ်ယာဉ်ဖြင့် ၃ ကြိမ် ပစ်ခတ်ခဲ့ပြီး ကျွဲခြံ-လယ်မရွာဘက်ကိုလည်း Mi-35 ရဟတ်ယာဉ်ဖြင့် ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှု ရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ လေကြောင်း တိုက်ခိုက်မှုများ ထပ်မံ ပြုလုပ်မည်ကို ပြည်သူများ စိုးရိမ်နေကြောင်း သိရှိရသည်။
“ပြည်သူတွေ ထိမှန်မှု ရှိမရှိတော့ အတည်မပြုနိုင်သေးဘူး။ ဘာတိုက်ပွဲမှ မရှိဘဲနဲ့ ပစ်ခတ်သွားတာ အဲဘက်မှာက ၃ ရက်လောက်ရှိပြီး စစ်တပ်က လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ ဗုံးကျဲ ပစ်ခတ်နေတာ ဒီနေ့တော့ လေကြောင်းနဲ့ ဗုံးကျဲသွားတာ” ဟု မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။