29 C
Yangon

ပုလောမြို့နယ်ကို ၁ လကြာ စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၄ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ကျေးရွာ ၅ ရွာကို မီးရှို့ဖျက်ဆီး၊ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ပုလောမြို့နယ်ကို ၁ လကြာ စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၄ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ကျေးရွာ ၅ ရွာကို မီးရှို့ဖျက်ဆီး၊ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ နိုဝင်ဘာ ၁၂

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၄ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ကျေးရွာ ၅ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပုလောမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

အောက်တိုဘာလ ၁၄ ရက်နေ့မှ စတင်၍ ပုလောမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဇရပ်ဆိပ်ရွာမှ လူငယ် ၄ ဦး ပေါ်တာဆွဲ ဖမ်းဆီးပြီး ကျေးရွာ ၅ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် ကြဲရွာ နေအိမ် ၁ လုံး၊ ဇရပ်ဆိပ်ရွာ မှ နေအိမ် ၁ လုံး၊ ကဒဲရွာမှ နေအိမ် ၈ လုံး၊ ကျောင်းနိမ့်ရွာမှ နေအိမ် ၁၀ လုံးနှင့် သစ်လှတောရွာမှ နေအိမ် ၁ လုံး မီးလောင်ပြာကျခဲ့ပြီး ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရကြောင်း သိရှိရသည်။

အဆိုပါ စစ်ကြောင်းသည် လက်ရှိချိန်တွင် ဇရပ်ဆိပ်ရွာ၊ ပလရွာ ၊ သစ်လှတောရွာနှင့် ထမင်းမစားရွာတို့တွင် တပ်စွဲထားပြီး ထမင်းမစားရွာနှင့် ပုလောလမ်းပိုင်းတွင်လည်း အကြမ်းဖက် စစ်တပ်က စစ်အင်အားများ ထပ်တိုးထားကြောင်း သိရသည်။

“အောက်တိုဘာလ ၁၄ ရက်နေ့မှာ ကြဲရွာဘက်ကနေ စစ်တပ်က စစ်ကြောင်းစထိုးတာ ကျေးရွာ ၅ ရွာမှာရှိတဲ့ နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံရတယ်။ ဇရပ်ဆိပ်ရွာက လူငယ် ၄ ဦးလည်း ပေါ်တာဆွဲ ဖမ်းဆီးခံရတယ်။ အခုလက်ရှိ စစ်ကြောင်းက ဇရပ်ဆိပ်ရွာ၊ ပလရွာနဲ့ သစ်လှတောရွာဘက်မှာရှိသေးတယ်။ ပုလောမြောက်ဘက်မှာရှိတဲ့ ထမင်းမစားရွာနဲ့ ပုလောလမ်းပိုင်းမှာလည်း စစ်အင်အားတွေ ထပ်တိုးနေတယ်လို့ သိရပါတယ်။ စစ်ရေးတင်းမာနေတဲ့ အခြေအနေပါ” ဟု ပုလောမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဆက်တိုက် ဝင်ရောက် စီးနင်းပြီး စစ်အင်အားများ ထပ်မံ ဖြည့်တင်းနေခြင်းကြောင့် ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့များနှင့် စစ်ရေးတင်းမာလျက်ရှိပြီး ပြည်သူများ ဂရုစိုက် သွားလာကြရန် ပုလောမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article