28 C
Yangon

မြင်းမူတွင် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦး သေဆုံး၊ နွားထိုးကြီး အမြန်လမ်းပိုင်းရှိ စစ်စခန်းကို ရော့ကတ် ၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

မြင်းမူတွင် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦး သေဆုံး၊ နွားထိုးကြီး အမြန်လမ်းပိုင်းရှိ စစ်စခန်းကို ရော့ကတ် ၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၁၂

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၁ မိနစ်ခန့်တွင် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်လာသည့် စစ်ကား ၂ စီးနှင့် မုံရွာမြို့ဘက်မှ ထွက်လာသော စစ်ကား ၂ စီးသည် မုံရွာ – မန္တလေး လမ်းပိုင်းရှိ မြောင်လမ်းခွဲ၌ စစ်သားများကို တင်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ တင်ဆောင်ပြီးနောက် စစ်ကိုင်းဘက်သို့ ပြန်လာသော စစ်ကား ၂ စီးကို မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာ အနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။

“စစ်ကိုင်းကနေ ထွက်လာတဲ့ကား ၂ စီးနဲ့ မုံရွာကနေ ထွက်လာတဲ့ကား ၂ စီး မြောင်လမ်းခွဲမှာဆုံပြီး စစ်သားတွေချိန်းတင်သွားတာ စစ်ကိုင်းဘက်ပြန်လာတဲ့ ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ ၅ ဦးသေတယ်။ ထိခိုက်မှုလဲရှိတယ်။ ထိထိမိမိ ခွဲနိုင်ခဲ့တာပါ။ မျ ကားပေါ်ကနေ ရမ်းသမ်းပစ်ခတ်ပြီး ကားကတော့ ဆက်မောင်းသွားပါတယ်” ဟု ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြို့ခြေစိုက် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့၊ ဇာမဏီ တပ်ဖွဲ့နှင့် ဒေါင်းဘုရင်တပ်ဖွဲ့တို့ ပူးပေါင်းကလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ အမြန်လမ်းမပေါ် မိုင်တိုင်အမှတ် ၃၁၇ ရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ရော့ကတ် ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ရန်ကုန်- မန္တလေး အမြန်လမ်းပိုင်း မိုင်တိုင် အမှတ် ၃၁၇ တွင် တပ်စွဲအထိုင်ချထားသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေး ရဲဘော်များက Rocket ၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“အင်အားကတော့ အမြန်လမ်းမပေါ်ဆိုတော့ ပုံမှန်မရှိဘူး။ ခန်းမှန်းတော့ ၄၀ လောက်ရှိနိုင်တယ်။ ပစ်မှတ်ကိုထိ မထိကတော့ မသိရသေးပါဘူး။ သူတို့ အနားကပ်မရတော့ ဘယ်နေရာထိတယ်ဆိုတာ အတိအကျ မသိရတာပါ” ဟု နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ နှင့် မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်းတို့ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article