ရန်ကုန်၊ မေ ၁၄
ပဲခူးတိုင်း တောင်ငူခရိုင် ၊ တပ်မဟာ ၂ နယ်မြေအတွင်းမှ စစ်ကောင်စီ တပ်စခန်းများ ၁၀ ရက်အတွင်း ရုပ်သိမ်းရန် နှင့် မရုပ်သိမ်းပါက နောက်ဆက်တွဲကိစ္စများ တာဝန်မယူဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က တရားဝင် သတိပေးချက်တစ်ရပ်ကို မေလ ၈ ရက်နေ့ နေ့စွဲဖြင့်ထုတ်ပြန်လိုက်သည်။ KNLA တပ်ရင်းနယ်မြေများတွင် စစ်ကောင်စီတပ်စခန်းများ တပ်စွဲထားခြင်းသည် ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီး ကရင်လူထုနှင့်တိုင်းရင်းသားပြည်သူ များအတွက် မည်သည့် ကောင်းကျိုးမှ မရှိသည့်အပြင် အနှောင့်အယှက် အဟန့် အတားများ ဖြစ်ပေါ်စေကြောင်း၊ အထူးသဖြင့် ဘုမ္မတီး စခန်း၊ တောင်ကြီးစခန်း၊ ရှားစေးဘိုးစစ်စခန်းများကြောင့် လူထုမှာ ကြောက်ရွံ့နေရခြင်း၊ မိုင်းကွင်းများ ကြောင့် နေ့စဉ် သွားလာရေး အခက်အခဲဖြစ်ရခြင်း၊ ဦးတည်ချက်မဲ့ ဖမ်းဆီးမှုများ၊ ပစ်ခတ်မှုများကို ပြည်သူများက စိုးရိမ်ထိတ်လန့်နေရကြောင်း KNLA ၏ သတိပေးချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီတပ်စခန်းများကို KNLA အနေဖြင့် လုံး၀(လုံး၀) လက်မခံနိုင်ကြောင်း၊ ထို့ကြောင့် စာထုတ်ပြန်သည့်နေ့မှစတင်၍ ၁၀ ရက်အတွင်း တပ်စခန်းများ အပြီးတိုင် ရုပ်သိမ်းရန်နှင့် အဆိုပါ ရက်ကျော်လွန်၍ ဆက်လက် တပ်စွဲနေပါက နောက်ဆက်တွဲကိစ္စများ တာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ပြန် ကြေ ညာ သည်။ KNLA ၏ သတိပေးချက်သည် မေလ ၈ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန် သတိပေးခြင်းဖြစ်၍ မေလ ၁၈ ရက်နေ့ နောက်ဆုံးထား၍ စစ်ကောင်စီတပ်စခန်းများ ရုပ်သိမ်းထွက်ခွာရမည်ဖြစ်သည်။