32 C
Yangon

အကြမ်းဖက် စစ်အုပ်စုကို ILO ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ ၃၃ နှင့် အညီ အရေးယူရန် ဆုံးဖြတ်ခဲ့မှု NUG အစိုးရ ဦးဆောင်သည့် သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့က ကြိုဆို

Must read

အကြမ်းဖက် စစ်အုပ်စုကို ILO ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ ၃၃ နှင့် အညီ အရေးယူရန် ဆုံးဖြတ်ခဲ့မှု NUG အစိုးရ ဦးဆောင်သည့် သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့က ကြိုဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၄

အကြမ်းဖက် စစ်အုပ်စုကို ILO ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ ပုဒ်မ ၃၃ နှင့် အညီ အရေးယူရန် ဆုံးဖြတ်ခဲ့မှု NUG အစိုးရ ၊ အလုပ်သမား ဝန်ကြီးဌာန ဦးဆောင်သော အလုပ်ရှင်နှင့် အလုပ်သမားများဖြင့် ဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့က ကြိုဆိုကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

အကြမ်းဖက် မြန်မာစစ်အုပ်စုက လိုက်နာရန် ပျက်ကွက်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ၁၀၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ၏ ဆုံးဖြတ်ချက် နှင့် အခြေခံအလုပ်သမား အခွင့်အရေး၊ လူ့အခွင့် အရေး ချိုးဖောက်မှုများ အတွက် ILO စုံစမ်းစစ်ဆေးရေးကော်မရှင် (COI) က ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တင်သွင်းခဲ့သည့် အစီရင်ခံစာပါ တိုက်တွန်းချက်များကို ဆက်လက် ကျူးလွန်နေခြင်းကြောင့် ၃၅၂ ကြိမ်မြောက် ILO အုပ်ချုပ်မှုအဖွဲ့ (ILO Governing Body) အစည်းအဝေးက ILO အနေဖြင့် နည်းပညာရပ်ဆိုင်ရာ ပံ့ပိုးကူညီမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ မပြုရန်နှင့် စစ်အုပ်စုအား ILO ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ ပုဒ်မ ၃၃ နှင့်အညီ အရေးယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထူးသဖြင့် မြန်မာ စစ်အုပ်စုသည် အဖွဲ့ဝင်နိုင်ငံများ မဖြစ်မနေ လိုက်နာရန် လိုအပ်သည့် ILO ၏ အခြေခံ ပြဋ္ဌာန်းချက်များအနက် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နှင့် စုဝေးတောင်းဆိုခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၈၇ (၁၉၄၈) နှင့် အဓမ္မလုပ်အားခိုင်းစေခြင်းဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ် ၂၉ (၁၉၃၀) ကို ချိုးဖောက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်အုပ်စုကို ထိရောက်သည့် အပြစ်ပေး အရေးယူမှုများ အမြန်ဆုံး ပြုလုပ်နိုင်ရေး သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ ဦးဆောင်သည့် သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့ အနေ ဖြင့် လာမည့် ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ကျင်းပမည့် ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွင် မြန်မာနိုင်ငံကို ကိုယ်စားပြု၍ ILO သုံးပွင့်ဆိုင်ယန္တရား၌ တရားဝင် ပူးပေါင်းဆောင်ရွက်ခွင့် ရရှိရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အဖွဲ့ဝင်နိုင်ငံများ၏ အခြေခံ အလုပ်သမားအခွင့်အရေးကို အစဉ်အလေးထားသော ILO အဖွဲ့နှင့် လွတ်လပ်မှု၊ တရားမျှတမှုနှင့် ဒီမိုကရေစီရေး လိုလားသော ILO အဖွဲ့ဝင် နိုင်ငံများ၊ နိုင်ငံတကာ အလုပ်သမားသမဂ္ဂများ နှင့် အလုပ်ရှင် အဖွဲ့အစည်းများအနေဖြင့် မြန်မာပြည်သူများ ဆုံးရှုံးလျက်ရှိသည့် အခြေခံ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးများကို အမြန် ဆုံး ပြန်လည်ဆောင်ကျဉ်းပေးနိုင်ရေးအတွက် မြန်မာပြည်သူများကို အမှန်တကယ် ကိုယ်စားပြုသည့် သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့နှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်ကြရန် NUG အစိုးရက တိုက်တွန်းထားသည်။

အခြေခံအလုပ်သမား အခွင့်အရေး၊ လုပ်ငန်းခွင် ဆက်ဆံရေးနှင့် အလုပ်သမားရေးရာစံနှုန်းများ မြှင့်တင်ရေးတို့အတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြဋ္ဌာန်းချက်များနှင့်အညီ ဖွဲ့စည်း ထားရှိပြီး မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ အကြမ်းဖက်စစ်တပ်က နိုင်ငံတော်၏ အချုပ်အခြာအာဏာကို လုယူခဲ့ပြီးနောက် ပြည်တွင်း၊ ပြည်ပရှိ မြန်မာအလုပ်သမားထု အပါအဝင် ပြည်သူတစ်ရပ်လုံး ဆုံးရှုံးသွားသည့် အခြေခံ အခွင့်အရေးများ ပြန်လည်ရရှိရေး၊ အခွင့်အရေးချိုးဖောက်ကျူးလွန်လျက်ရှိသည့် မြန်မာစစ်အုပ်စုကို ILO အပါအဝင် နိုင်ငံတကာက ထိရောက်စွာ အပြစ်ပေးအရေးယူရေး၊ အမျိုးသားညီညွတ်ရေးအစိုးရဦးဆောင်သည့် သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့အား ILO မှ ထောက်ခံ အသိအမှတ်ပြုခြင်းဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ အား တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုမှု ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း NUG အစိုးရက ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article