ရေစကြိုမြို့နယ်၊ သဲတောရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁ ဦးကိုဖမ်းဆီးသတ်ဖြတ်၍ လေယာဉ်ဖြင့် ဗုံးကျဲမှု နေအိမ် ၃၀ ကျော် ပျက်စီး၊ PDF စခန်း ၁ ခုကိုလည်း မီးရှို့ဖျက်ဆီး
ရန်ကုန်၊ နိုဝင်ဘာ ၂၅
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁ ဦးကိုဖမ်းဆီးသတ်ဖြတ်၍ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၃၀ ကျော် ပျက်စီးကာ စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ့ – YSO မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်အစောပိုင်း ၅ နာရီခန့်တွင် ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ့ – YSO စခန်းနှင့် သဲတောရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးနှင့် ပေါင် ၃၀၀ ဗုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ပြီးနောက် မြေပြင်မှလည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်း ၂ ကြောင်းခွဲ၍ ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ့ စခန်းကို ပိတ်ဆို့ စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ တပ်သားများက ပိတ်ဆို့ ထားသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များကလည်း မိုင်းဆွဲ တိုက်ခိုက်ပြီး ဖောက်ထွက်နိုင်ခဲ့ကြောင်း သိရှိရသည်။
တော်လှန်ရေး တပ်ဖွဲ့ဝင်များ ဖောက်ထွက်နိုင်ခဲ့သော်လည်း စခန်း အဆောက်အအုံ ၄ လုံး၊ စားနပ်ရိတ်က္ခာများ၊ မိုင်းနှင့် ဆက်စပ်ပစ္စည်းများ၊ ရဲဘော်များ၏ အသုံးအဆောင်များ၊ ဆိုင်ကယ် ၁ စီးနှင့် ဆိုလာ ဘက်ထရီအိုးများ ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထို့နောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သဲတောရွာမှ စစ်ဘေးတိမ်းရှောင်လာသော ပြည်သူများကိုလည်း လက်နက်ငယ်များဖြင့် လိုက်လံ ပစ်ခတ်ခဲ့ပြီး ပြည်သူ ၂ ဦး ကျည်ထိမှန်ကာ စစ်ရှောင် ပြည်သူ ကိုကျော်လင်း ဆိုသူကိုလည်း ဖမ်းဆီးသတ်ဖြတ်ပြီး လမ်းဘေး သရက်ခြံတွင် မြေမြုပ်ခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၂၄ ရက်နေ့တွင် သဲတော၊ ဇီးတောနှင့် ကျောက်ထပ်ရွာများ၌ တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဂွေးချိုပျူစောထီးရွာနှင့် ကျောက်လှေခါး ဂိတ်စခန်းကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပြန်လည် ဆုတ်ခွာသွားပြီးနောက် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် သဲတောရွာကို တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် နေအိမ် ၃၀ ခန့် ပျက်စီးပြီး ထရမ်စမာနှင့် လျှပ်စစ်မီးရုံးများလည်း ပျက်စီးခဲ့ကြောင်း၊ အဆိုပါ ဆုံးရှုံးမှုများကို ပြည်သူများ ကိုယ်စား ပြည်တွင်းပြည်ပရှိ ညီကို မောင်နှမများအနေဖြင့် ပါဝင်လှူဒါန်းပေးကြရန် မေတ္တာရပ်ခံကြောင်း ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ – YSO မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။