24 C
Yangon

တောင်ကိုရီးယားနိုင်ငံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမတွင် မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်နေသည့် တရုတ်နိုင်ငံအပေါ် ရှေ့ဆက် လုပ်ဆောင်ရမည့် ကိစ္စရပ်များ ဆွေးနွေးပွဲ ပြုလုပ်

Must read

တောင်ကိုရီးယားနိုင်ငံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမတွင် မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်နေသည့် တရုတ်နိုင်ငံအပေါ် ရှေ့ဆက် လုပ်ဆောင်ရမည့် ကိစ္စရပ်များ ဆွေးနွေးပွဲ ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၂၅

တောင်ကိုရီးယားနိုင်ငံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမတွင် မြန်မာ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်နေသည့် တရုတ်နိုင်ငံအပေါ် ရှေ့ဆက် လုပ်ဆောင်ရမည့် ကိစ္စရပ်များ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီမှ ညနေ ၆ နာရီအထိ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ အမျိုးသား လွှတ်တော် အဆောက်အအုံ ကွန်ဖရင့် အစည်းအဝေးခန်း အခန်း အမှတ် ၇ ၌ မြန်မာ့နွေဦးတော်လှန်ရေးနှင့် တရုတ်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှုများ ၊ အကျိုးသက်ရောက်မှုများ၊ သဘောထားအမြင်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဆွေးနွေးပွဲကို မြန်မာ့တော်လှန်ရေးအား တစိုက်မတ်မတ် ထောက်ခံအားပေးနေသည့် အီယုန်ဆွန်း အမတ်နှင့် အခြားလွှတ်တော်အမတ် ၇ ဦးက ကမကထပြုလုပ်ပြီး ဆောင်ဂုန်ဝဲတက္ကသိုလ် အာရှအန်ဂျီအိုဌာန ‌ပါမောက္ခ ဘတ်အွန်ဟွန်းက ဦးဆောင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆိုးလ်တက္ကသိုလ် အာရှသုတေသနဌာန ပါမောက္ခ ချွဲဂျောင်ဟွီ၊ နိုင်ငံတကာရေးရာဌာန ပါမောက္ခဟောင်း ဘဲဂုံချန်၊ ဆောင်ဂယွန်းတက္ကသိုလ် အရှေ့အာရှဌာန ပါမောက္ခ လီယူးဘီ၊ ကိုရီးယားတက္ကသိုလ် အရှေ့တောင်အာရှသုတေသနဌာန ပါမောက္ခ ဂျန်းဂျွန်ယောင်း၊ ဆိုးလ်တက္ကသိုလ် နိုင်ငံရေးသိပ္ပံ ပါရဂူကျောင်းသား ချန်ဘိဂျယ်၊ ဘုဂယောင်းတက္ကသိုလ် သတင်းပညာ ပါရဂူကျောင်းသား ကိုခန့်တို့က စာတမ်းအသီးသီး တင်ပြ ပါဝင်ဆွေးနွေးခဲ့ကြောင်း၊ ထို့ပြင် ဆွေးနွေးပွဲကို MFDMC ဥက္ကဌ ဦးဇော်မိုးအောင်၊ CDM ဗိုလ်ကြီး လင်းထက်အောင် နှင့် MFDMC တာ၀န်ခံများလည်း အတူတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ ပြည်တွင်းရေးတွင် တရုတ်နိုင်ငံ ပါဝင်လှုပ်ရှားမှုကြောင့် တော်လှန်ရေး အပေါ် မည်သည့်သက်ရောက်မှုများ ဖြစ်လာနိုင်သည်၊ မည်သို့ ကျော်လွှားနိုင်မည်ကို ရှုထောင့်စုံမှ ဆွေးနွေးဖလှယ်ခဲ့ပြီး အဓိက ဆွေးနွေးချက်များမှာ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး စွက်ဖက်မှု၏ အလားအလာသည် တော်လှန်ရေးနှင့် ဒီမိုကရေစီ လှုပ်ရှားမှုအပေါ် သက်ရောက်မှု၊ နိုင်ငံတကာ ပံ့ပိုးကူညီမှုဖြင့် တရုတ်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှုကို ကျော်လွှားရန် မြန်မာတော်လှန်ရေးအတွက် မဟာဗျူဟာ၊ ကိုရီးယားနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းသည် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးတွင် လက်တွေ့ကျသော နည်းလမ်းများလည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါ နှီးနှော ဖလှယ်ပွဲကို မြန်မာ့တော်လှန်ရေးနှင့် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို ရှုထောင့်အမျိုးမျိုးမှ ခွဲခြမ်းစိတ်ဖြာရန် အရေးကြီးသော အခွင့်အလမ်းဖြစ်ပြီး မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လှုပ်ရှားမှု၏ ရှေ့သို့ ရွေ့လျားမည့် ဦးတည်ချက်ကို စူးစမ်းလေ့လာရန် အရေးကြီးသော အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

1 COMMENT

  1. ကျေးဇူးအထူတင်ရှိပါတယ်ခင်ဗျာ
    ကိုးရီးယာနိုင်ငံတော်ကြီးအဓွန့်ရှည်တည်တံ့ပါစေ🎉🎉🎉🤝

    တရားတဲ့သူသည်သာအောင်နိုင်ရမည်။

Comments are closed.

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article