27 C
Yangon

ထီးလင်းမြို့အနီး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ၍ လေယာဉ်ဖြင့် ပစ်ကူပေး တိုက်ခိုက်

Must read

ထီးလင်းမြို့အနီး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ၍ လေယာဉ်ဖြင့် ပစ်ကူပေး တိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၂၈

မကွေးတိုင်း၊ ထီးလင်းမြို့ အနီး တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ၍ လေယောဉ်ဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း ယောအလင်းတန်းမှ ကိုမင်းဒဿနှင့် ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၁ နာရီခန့်တွင် ထီးလင်းမြို့၊ ရွှေထီးခန်းမမှ ဗိုလ်ရဲမာန် ဦးဆောင်သော အင်အား ၇၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ထီးလင်းမြို့ အရှေ့ဘက်ရှိ ထီးလင်း-ကျင်း-ပခုက္ကူ လမ်းပိုင်း အရှေ့ဘက်ကို ရောက်ရှိနေစဉ် ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ် ၁ ဦး အပါအဝင် စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း သေဆုံးပြီး စစ်သား ၁ ဦးကိုလည်း အရှင်ဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲအတွင်း အထိနာခဲ့သော စစ်တပ်က မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ တက်လာသည့် Mi 35 ရဟတ် ယာဉ် ၁ စီးဖြင့် ပစ်ကူပေးတိုက်ခိုက်ပြီးနောက် ပြန်လည် ဆုတ်ခွာသွားကြောင်း၊ မွန်းလွဲ ၁ နာရီခန့်တွင် ထီး လင်းမြို့ရွှေထီးခန်းမသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

“ကြိုတင်သတင်းရလို့ တော်လှန်ရေးတပ်ဖွဲ့တွေက စောင့်ပစ်တာ၊ ဖြစ်တဲ့နေရာက တောထဲမှာ ဆိုတော့ ပြည်သူတွေမရှိဘူး။ ထီးလင်းမြို့ကနေထွက်ပြီး ၁ မိုင်လောက်ပဲရောက်သေးတယ် တိုက် ခိုက်ခံရတာ၊ မနက်ကတည်းကဖြစ်တဲ့တိုက်ပွဲ နေ့လည် ၁၁ နာရီကျော်အထိကြာတယ်။ သေတဲ့အထဲ မှာ ဗိုလ်ညောင်ဦးဆိုတာပါတယ်။ ကျနော်တို့နာမည်ပြောင်ခေါ်ကြတာ၊ နာမည်အရင်းတော့မသိရ သေးဘူး။ ထီးလင်းခန်းမမှာက ဗိုလ် ၄ ယောက်ရှိတာ၊” ဟု ယောအလင်းတန်းမှ ကိုမင်းဒဿက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

သေဆုံးသွားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများထဲတွင် ထီးလင်းမြို့မရဲစခန်း၌ တာဝန်ကျနေသော အထူးရဲများနှင့် မီးသတ်ကုန်းတွင် တာဝန်ကျနေသော စစ်သားများ ပါဝင်ပြီး တိုက်ပွဲအတွင်းသေဆုံးသွားသော အကြမ်းဖက် စစ်သားနှင့် ရဲများ၏ အလောင်းကို စွန့်ပစ်ထားခဲ့ကြောင်း သိရသည်။

ထိုတိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကလည်း ရန်ကုန်ခေတ်သစ် သတင်းဌာနကို အတည်ပြုပြောဆိုသည်။

“စစ်ကောင်စီက ၅ မိုင်ပတ်လည်ကို ခဏခဏ စစ်ကြောင်းထိုးတာတွေရှိတယ်။ ဒါကိုအခွင့်ကောင်းယူပြီး ဒေသတွင်း တော်လှန်ရေးဘက်က အသင့်စောင့်ပြီး တိုက်ခိုက်တာဖြစ်တယ်။ အသေးစိတ်ကိုတော့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ထုတ်ပြန်ပါလိမ့်မယ်” ဟု ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article