တာချီလိတ်နယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ PV နိုင်ငံကူးလက်မှတ်ဖြင့် သွားရောက်မည့် လူငယ်တချို့ အိမ်ပြန်လွှတ်ခံရ၊ နယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းသို့ ကူးမည့် လူငယ်များကို စစ်ကောင်စီက အထူးတင်းကျပ် ပိတ်ပင်လာ
ရန်ကုန်၊ နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် ၊ တာချီလိတ်နယ်စပ်ဂိတ်ပေါက်မှတစ်ဆင့် ထိုင်းဘက်သို့ PV နိုင်ငံကူးလက်မှတ်ဖြင့် သွားရောက်ရန်ကြိုးစားသူတချို့ ပြန်လွှတ်ခံရကြောင်း ပြန်လွတ်ခံရသူလူငယ် အမျိုးသား ၂ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရန်ကုန်လေဆိပ်တွင် အကြမ်းဖက်စစ်ကောင်စီက PV နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသွားမည့်သူများကို အထူး တင်းကျပ်စိစစ်ပြီး ပြည်ပထွက်ခွင့် မပြုမှုများ များပြားနေသောကြောင့် ထိုင်း-မြန်မာနယ်စပ် တာချီလိတ်နယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ အလည်အပတ်ဗီဇာဖြင့် ဝင်ရောက်ရန် သွားရောက်ခဲ့ကြောင်း၊ တာချီလိတ် နယ်စပ်ဂိတ်ကို ဖြတ်ကျော်ရန် ရောက်ရှိချိန် မြန်မာလူဝင်မှုကြီးကြပ်ရေးအရာရှိတချို့က ဖြတ်သန်းခွင့်မပေးဘဲ ပြန်ခိုင်းကြောင်း ပြန်လွှတ်ခံရသူ ရန်ကုန်သားလူငယ်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“တာချီလိတ် နယ်စပ်ဂိတ်ကနေ ထိုင်းဘက်ကို PV နိုင်ငံကူးလက်မှတ်၊ ၊ Tourist Visa နဲ့ ဝင်လို့ရတယ်ဆိုလို့ သွားတာပါ။ နယ်စပ်ဂိတ်မှာ မြန်မာလ၀က က ထိုင်းဘက်ကို ပေးမဖြတ်ဘူး။ ကျနော်နဲ့ ကျနော့်သူငယ်ချင်း၂ ဦး သွားတာပါ။ ပတ်စ်ပို့၊ ဗီဇာနဲ့လူတွေ နယ်စပ်ကနေ ထိုင်းဘက် ပေးမဝင်ဘူးပြောတယ်။ လေဆိပ်ကပဲ သွားပါလို့ ပြောပြီး ပြန်လွှတ်တယ်။ အကြောင်းပြချက်တော့ မပေးဘူး။ ကျနော်တို့ပဲ မရတာလား၊ အခြားအားလုံးမရတာလားတော့ သေချာမသိဘူး။ ” ဟု ပြန်လွှတ်ခံရသူ ရန်ကုန်သားလူငယ်က ပြောဆိုသည်။
ဒေသသတင်းရင်းမြစ်တချို့ကလည်း တာချီလိတ်နယ်စပ်ဂိတ်တွင် ထိုင်းဘက်သို့ သွားရောက်မည့်သူများကို အထူးစိစစ်နေပြီး အထူသဖြင့် ရှမ်းပြည်နယ် မှတ်ပုံတင် ကိုင်ဆောင်ထားသော ပြည်သူများကို ထိုင်းဘက် ကူးခွင့်ပေးကြောင်း၊ အဝေးမှ လာသော အခြားပြည်နယ်/နယ်တိုင်း မှတ်ပုံတင်များကို ထိုင်းဘက်ကူးခွင့်မပေးဘဲ ပိတ်ပင်မှုများရှိကြောင်း သိရှိရသည်။
“ရှမ်းမှတ်ပုံတင် ၁၃ / တွေပဲကူးခွင့်ရတယ်လို့ သတင်းတွေတော့ ကြားရတယ်။ အခု PV ပတ်စ်ပို့၊ ဗီဇာနဲ့ တာချီလိတ်ဘက်က ကူးဖို့ ပြင်တဲ့သူတချို့ ပြန်လာရတာရှိတယ်။ ရန်ကုန်လေဆိပ်က တအားကျပ်တယ်။ နယ်စပ်ဂိတ်တွေကလည်း အတော်တင်းကျပ်လာတယ်”ဟု ခရီးသွားဝန်ဆောင်မှုပေးသည့် ရန်ကုန်အခြေစိုက် အေးဂျင့်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ယခုနှစ် ဩဂုတ်လမှစတင်ပြီး ရန်ကုန်လေဆိပ်မှ ပြည်ပနိုင်ငံများသို့ ထွက်ခွာများကို စိစစ်ကန့်သတ်ပိတ်ပင်မှုများ လုပ် ဆောင်ခဲ့ကြောင်း၊ PV နိုင်ငံကူးလက်မှတ်ဖြင့် လူငယ် အသက် ၁၈ နှစ်မှ အသက် ၃၅နှစ် အထိ အမျိုးသား၊ အမျိုးသမီးများကို ပြည်ပသို့ အလည်သွား ရောက်ခွင့် အထူးစိစစ်ခဲ့ကြောင်း၊ အလည် နိုင်ငံကူးလက် မှတ် PV ဖြင့် ပြည်ပသို့ ထွက်ခွာမှုများအားလုံးနီးပါးကို ကန့်သတ်ပိတ်ပင်နေရာတွင် ဗီဇာ၊ အပြန်လေယာဉ်လက်မှတ်၊ ဟိုတယ်ဘိုကင်နှင့် Show Money အပါအဝင် အထောက်အထား အပြည့်အစုံ ပြသသည့်တိုင် အကြောင်းအရာ မခိုင်လုံဟု စစ်ကောင်စီက ယူဆသူမှန်သမျှကို ပြည်ပထွက်ခွင့် ပိတ်ပင်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ- တာချီလိတ်နယ်စပ်ဂိတ်မှ ထိုင်းဘက်သို့ ဝင်ရောက်ရန် လ၀ကက စိစစ်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)