ကျောက်မဲမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၀ ဦးသေဆုံးပြီး ၂၀ ဦးဒဏ်ရာရ ၊ TNLA က ငြိမ်းချမ်းရေးဆွေးနွေးရန် အသင့်ရှိဟု ကြေညာပြီး ၅ ရက်အကြာ စစ်တပ်က ပြည်သူများနေထိုင်ရာ ရပ်ကွက်ကို ဗုံးကျဲ
ရန်ကုန်၊ ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီက စစ်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၁၀ ဦးသေဆုံးပြီး ၂၀ ဦးဒဏ်ရာရကြောင်း TNLA က သတင်းထုတ်ပြန်သည်။
နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် ကျောက်မဲမြို့၊ အင်ကြင်းတောင်ရပ်ကွက်သို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ဒေသပြည်သူ ၁၀ ဦး သေဆုံးခဲ့ကြောင်း၊ ပြည်သူ ၂၀ ဉီး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၉ လုံးထိခိုက်ပျက်စီးသွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်က လေကြောင်းမှတဆင့် ပေါင် ၅၀၀ ဗုံးဖြင့် လာရောက်ဗုံးကျဲချခဲ့ခြင်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကျောက်မဲမြို့နယ်၊ အင်ကြင်းတောင် ရပ်ကွက်မှ ဒေသပြည်သူ ၁၀ ဉီးထိမှန်သေဆုံးပြီး (၂၀)ကျော် ထိမှန်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများအား ဆေးရုံသို အရေးပေါ်ပိုဆောင်ဆေးဝါးကုသပေးနေပြီး သေဆုံးရုပ်အလောင်းများအား လိုက်လံရှာဖွေရှင်းလင်းနေကြောင်း သိရှိရသည်။
“ဗုံးကျဲတဲ့နေရာ ရပ်ကွက်ကြီးပါ။ လူနေများပြားတဲ့ ရပ်ကွက်ပါ။ စစ်ရေးနဲ့ပတ်သက်တာ ဘာမှ မရှိပါဘူး။ ညနေအချိန်ဆိုတော့ လူတွေက အိမ်ထဲမှာ နားနားနေနေရှိနေကြတဲ့အချိန် ဗုံးကျဲချသွားတာပါ” ဟု ကျောက်မဲမြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
နိုဝင်ဘာလ ၂၅ ရက်နေ့ PSLF/TNLA က စစ်ရေးတင်းမာမှုများ တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အမြဲအသင့်ရှိကြောင်း တရားဝင်ထုတ်ပြန်ပြီးနောက် ၅ ရက်အကြာတွင် စစ်ကောင်စီက ကျောက်မဲမြို့ကို လာရောက်ဗုံးကျဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက နောင်ချိုမြို့တွင် နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး အပြစ်မဲ့ပြည်သူများရှိရာသို့ ဉီးတည်တိုက်ခိုက်မှုကြောင့် ဒေသ ပြည်သူ ၁၈သေဆုံးပြီး ၃၄ ဉီး ဒဏ်ရာရရှိကာ နေအိမ်များထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။