ပွင့်ဖြူတွင် PDF တပ်ဖွဲ့များကို ခြိမ်းခြောက်စာပို့၍ စစ်တပ်အတွက် တပ်သားသစ် စုစောင်းပေးနေသော ဆည်တော်ရွာ အုပ်ချုပ်ရေးမှူး ဌေးဝင်း ပစ်ခတ်ခံရပြီး သေဆုံး၊ လက်လုပ် သေနတ် ၁ လက် သိမ်းဆည်းရရှိ
ရန်ကုန်၊ ဒီဇင်ဘာ ၂
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် PDF တပ်ဖွဲ့များကို ခြိမ်းခြောက်စာပို့၍ အကြမ်းဖက် စစ်တပ်အတွက် တပ်သားသစ် စုစောင်းပေးနေသော ဆည်တော်ရွာ အုပ်ချုပ်ရေးမှူး ဌေးဝင်းကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် ဆည်တော်ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးဌေးဝင်းကို မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်းမှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော ဌေးဝင်းသည် ဩဂုတ်လ အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် တိမ်းရှောင်နေရသည့် ပြည်သူများကို လက်မခံရန် ပြည်သူများကို နှိုးဆော်ခဲ့သူဖြစ်ပြီး ဆည်တော်ကျေးရွာ အတွင်း၌ ပျူစောထီး ဖွဲ့စည်းခြင်း၊ ရပ်ရွာ ကာကွယ်ရေးအမည်တပ်၍ စစ်သင်တန်းကို ကျေးရွာသား ၄ဝ ပို့ရန် ဆောင်ရွက်နေခြင်း၊ တိုက်ပွဲ ဖြစ်ပွားနေစဉ်ကာလအတွင်း တစ်အိမ်ထောင်လျှင် ငွေကျပ် ၅၀၀၀၀ ကောက်ခံခြင်းများလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ဌေးဦးထံမှ တော်လှန်ရေး တပ်ဖွဲ့များက ၅.၅၆ မမ သုံး လက်လုပ်သေနတ် ၁လက် ၊ ၅.၅၆ မမ ကျည် ၁၀တောင့် ၊ လက်ကိုင် ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“ဌေးဝင်းက နိုဝင်ဘာလ ၁၈ ရက်နေ့မှာ မင်းဘူး ခရိုင်အမှတ် – ၇ တပ်ရင်း Facebook Page Messager ကို ကျွန်တော်တို့ တပ်စွဲထားတဲ့ နေရာက ဖယ်ပေးဖို့နဲ့ မဖယ်ပေးရင် သူကိုယ်တိုင် ဦးဆောင်ပြီး လမ်းပြ လုပ်မယ်လို့ ခြိမ်းခြောက်စာပို့တယ်။ နောက်ပြီး ၂၀၂၂ ခုနှစ် ဇွန်လ အတွင်းကလည်း ကျွန်တော်တို့ရဲ့ ညီနောင် မဟာမိတ် သရက် ကံမ ရဲဘော်တွေ မဲဇလီ ကြိုးတံတားမှာ တိုက်ခိုက်ခံရစဉ်က ထွက်ပြေးလွတ်မြောက်လာတဲ့ ရဲဘော်တွေကို စစ်တပ်ကို သတင်းပေးပြီး ညှင်းပန်းနှိပ်စက်ရာမှာလည်း အားပေးအားမြှောက်ပြုလုပ်ခဲ့သူလည်း ဖြစ်ပါတယ်။ ပြည်သူတွေကို နည်းမျိုးစုံ ဒုက္ခပေးနေလို့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ” ဟု မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။