ရန်ကုန်၊ မေ ၁၆
မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသရှိ ကျေးရွာ ၁၁ ရွာကို စစ်တပ်က မေလ ၇ ရက်နေ့မှ မေလ ၁၆ ရက်နေ့အထိ ၁၀ ရက်တာကာလ ဆက်တိုက် မီးရှို့ ဖျက်ဆီးခဲ့သဖြင့် ပြည်သူပိုင်နေအိမ် ၁၄၅ လုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံ ကာကွယ်ရေး ပြောက်ကျား တပ်ဖွဲ့ ဖြစ်သည့် သိမ်းငှက် အဖွဲ့ထံမှ သိရသည်။
စစ်တပ်က ရွှေလှံ ရွာမှ ပြည်သူပိုင်နေအိမ် ၃ လုံး၊ သာဂေါင်ရွာမှ ပြည်သူပိုင်နေအိမ် ၁ လုံး၊ ဖြုံဘူးရွာမှ ပြည်သူပိုင်နေအိမ် ၂ လုံး၊ မိဖုရားရွာမှ ပြည်သူပိုင် နေအိမ် ၁၁ လုံး၊ မဲကုန်း ရွာမှ ပြည်သူပိုင်နေအိမ် ၂ဝ လုံး၊ ကျွဲကုန်းရွာမှ ပြည်သူပိုင် နေအိမ် ၇ လုံး၊ ဆည်သည့်ရွာမှ ပြည်သူပိုင် နေအိမ် ၈ လုံး၊ မြေစွန်းရွာမှ ပြည်သူပိုင် နေအိမ် ၁၁ လုံး၊ ငတရော်ရွာမှ ပြည်သူပိုင် နေအိမ် ၇ လုံး၊ မိုးကွဲရွာမှ ပြည်သူပိုင်နေအိမ် ၁၇ လုံး၊ တောင်ကုန်းရွာမှ ပြည်သူပိုင် နေအိမ် ၉ လုံး၊ ကိုင်းရွာမှ ပြည်သူပိုင် နေအိမ် ၅ လုံး၊ လှေခုတ်ရွာမှ ပြည်သူပိုင် နေအိမ် ၁၈ လုံး၊ သောင်ရှေ့ရွာမှ ပြည်သူပိုင် နေအိမ် ၁ လုံး၊ မင်းရွာမှ ပြည်သူပိုင် နေအိမ် ၁ လုံး၊ ဘိုကုန်းရွာမှ ပြည်သူပိုင် နေအိမ် ၁ လုံးနှင့် ကံဦးရွာမှ ပြည်သူပိုင် နေအိမ် ၂၃ လုံး စုစုပေါင်း နေအိမ် ၁၄၅ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် အဆိုပါ ကျေးရွာများရှိ ပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက် ပြေးနေရပြီး အနီးကျေးရွာများရှိ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ စစ်ရှောင်ပြည်သူများအတွက် အရေးပေါ် စားဝတ်နေရေး ကယ်ဆယ်ရေး ပစ္စည်းများ လိုအပ်လျက်ရှိကြောင်း သိရသည်။
Photo – ယနေ့ မေလ ၁၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်း မီးရှို့သောကြောင့် ပြည်သူပိုင် နေအိမ် ၂၃ လုံး မီးလောင်ပြာကျခဲ့သည့် ကံဦးရွာ