ရန်ကုန်၊ မေ ၁၇
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အလယ်ကျွန်းကျေးရွာသို့ နွားလှည်းများဖြင့် ရိက္ခာများတင်ဆောင်ကာ လာရောက်သော အင်အား ၈၀ ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းကို မေလ ၁၆ ရက် နံနက် ၉ နာရီခန့်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၁၀ ဦး ထက်မနည်းသေဆုံးနိုင်ကြောင်း DRPA က သတင်းထုတ်ပြန်သည်။
“ဒီကောင်တွေ မြို့ပေါ်ကနေ ရိက္ခာတင်ပြီး လာမယ်ဆိုတာ ကျနော်တို့ သတင်းအတိအကျရတယ်၊ ကျနော်တို့နဲ့ KGF က စောင့်တယ်။ လမ်းမှာ ကျနော်တို့ အနီးကပ် ဝင်ပစ်တယ်၊ ကျနော်တို့က ပြန်ဆုတ်လာတယ်။ ဒီကောင်တွေက အင်အားများတော့ ကျနော်တို့ကို လိုက်ပစ်တယ်၊ ကျနော်တို့က မိုင်း ၈ လုံး ထောင်ထားတယ်။ ဒီကောင်တွေလာတော့ ကွက်တိ မိုင်းခွဲလိုက်တယ်။ ရိက္ခာလှည်းက ၅ စီးလာတာ၊ ၁ စီး ကျွမ်းပစ်သွားတယ်၊ ဒီကောင်တွေလည်း အတုံးအရုံးပဲ။ ကျနော်တို့ မျက်စိရှေ့တင် ၁၀ ယောက်ထက်မကဘူး သေသွားတာ၊ ပြန်ထမလာဘူးပေါ့” ဟု DRPA အဖွဲ့ဝင် ၁ ဦးက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ကို အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် DRPA၊ Kani Guerrilla Force – KGF နှင့် ပ.က.ဖအဖွဲ့အချို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း DRPA က ထုတ်ပြန်ထားသည်။