ညောင်လေးပင်မြို့နယ်တွင် စစ်တပ် ကင်းစခန်း၊ ဂိတ်စခန်းနှင့် ကင်းပုန်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၉ ဦးသေဆုံးပြီး ၂ ဦးအရှင်မိကာ သေနတ် ၅ လက် သိမ်းဆည်းရရှိ
ရန်ကုန်၊ ဒီဇင်ဘာ ၁၉
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ကင်းစခန်း၊ ဂိတ်စခန်းနှင့် ကင်းပုန်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၉ ဦးသေဆုံးပြီး ၂ ဦးအရှင်မိကာ သေနတ် ၅ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Fire Dragon PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၉ ရက်နေ့တွင် ညောင်လေးပင်-မဒေါက် လမ်းပိုင်း၌ မီးနဂါးတော်လှန်ရေးအဖွဲ့မှ ရဲဘော်များက စစ်ဆေးရေး လုပ်ဆောင်နေစဉ် ဗိုလ်ကြီး ၁ ဦးနှင့် အကြမ်းဖက် စစ်တပ် သတင်းပေး ၁ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ညောင်လေးပင်မြို့အနီးရှိ အကြမ်ဖက် စစ်တပ်၏ ကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ရွှေကျင်-ညောင်လေးပင် လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ ဂိတ်စခန်း ၁ ခုကို ထပ်မံစီးနင်း တိုက်ခိုက်ခဲ့ပြီး လက်နက် ခဲယမ်း အချို့ရရှိကာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးပြီး စစ်ကောင်စီ တပ်သားတချို့ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း၊ တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် မီးနဂါးရဲဘော်များ နှင့် KNLA တပ်ရင်း ၉ တို့ ပူပေါင်းပြီး ပုဇွန်မြောင်းရွာ စျေးပိုင်း အနောက်ပိုင်းရှိ ညောင်ပင်ကုန်း မှ စစ်သား ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ရေဖြူကန်ရွာ အရှေ့ဘက်ကွင်း၌ ကင်းပုန်းဝပ်နေသော စစ်သား၁ ဦးကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။
မီးနဂါး ရဲဘော်များသည် နေ့ညမပျက် စစ်ကောင်စီ ပြုတ်ကျရေး အမြဲကြိုးစားဆောင်ရွက်နေနိုင်မှုသည် တော်လှန် ပြည်သူများ၏ အားပေးထောက်ခံမှု ထောက်ပို့ ကူညီပေးနိုင်မှုတို့ကြောင့် သာဖြစ်ပြီး စစ်အာဏာရှင်ကျရှုံးသည်ထိ ဆက်လက်၍ ကြိုးစားသွားမည်ဖြစ်ကြောင်း Fire Dragon PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။