ရွာငံမြို့နယ်၊ ရေလှကျေးရွာတွင် နေထိုင်သော ပျူစောထီးခေါင်းဆောင် ဌေးလွင် ကို နေအိမ်၌ ဝင်ရောက်ဖမ်းဆီးစဉ် ထွက်ပြေးသွား၍ သေနတ် ၁ လက် သိမ်းဆည်းရရှိ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ရေလှလေးကျေးရွာနေ ပျူစောထီး ခေါင်းဆောင် ဌေးလွင် ကို နေအိမ်၌ ဝင်ရောက် ဖမ်းဆီးစဉ် ထွက်ပြေးသွား၍ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း DANU STATE NATIONAL DEFENCE ARMY – DSNDA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ရွာငံမြို့နယ်၊ ရေလှကျေးရွာမှ ပျူစောထီးခေါင်းဆောင် ဌေးလွင်၏ နေအိမ်ကို တော်လှန်ရေး ရဲဘော်များက ဝင်ရောက် ဖမ်းဆီးစဉ် ပျူစောထီး ခေါင်းဆောင်ဌေးလွင်က နေအိမ်မှ ထွက်ပြေးလွတ်မြောက်သွားပြီး နေအိမ်အတွင်းရှိ သေနတ် ၁ လက်နှင့် ကျည်ဆံများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“ပြည်သူအပေါ် ယုတ်မာနေကြတဲ့ စစ်ခွေးနောက်လိုက်တွေကို အလွတ်ပေးမှာမဟုတ်ပါဘူးလို့ ပြောချင်ပါတယ်။ သူက အိမ်ထဲကနေ ထွက်ပြေးသွားလို့ မမိလိုက်ဘူး။ သူက လက်နက်အားကိုး၊ စစ်တပ်အားကိုးနဲ့ ပြည်သူတွေအပေါ် အနိုင်ကျင့်နေသူပါ။ စစ်တပ် စစ်ကြောင်းထိုးရင်လည်း လမ်းပြလုပ်ပေးတယ်။ ကျေးရွာတွေကို ဝင်ရောက်စီးနင်းတဲ့အခါမှာလည်း သူက ပြည်သူပိုင်ပစ္စည်းတွေ ခိုးတာတွေ လုပ်ပါတယ်” ဟု DANU STATE NATIONAL DEFENCE ARMY – DSNDA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ပျူစောထီးခေါင်းဆောင်ဌေးလွင်သည် ပြည်သူများကို သေနတ်ဖြင့် ချိန်ကာ ခြိမ်းခြောက်ခြင်း၊ မကျေ နပ် သူများကို လက်နက်အားကိုးဖြင့် ထိုးကြိတ်အနိုင်ကျင့်ခြင်း၊ ကျေးရွာနေ ပြည်သူများကို ကြောက်လန့် စေရန် သေနတ်ပစ်ဖောက်ခြောက်လှန့်ခြင်းတို့ အမြဲလုပ်ဆောင်လေ့ရှိသည့်အပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးရာတွင်လည်း လမ်းပြအဖြစ် လိုက်ပါခြင်း၊ ပြည်သူ့နေအိမ်များအတွင်းမှ ပစ္စည်းများကိုလည်း ခိုးယူခြင်းစသည့် ပြစ်မှုများ ကျူးလွန်နေသူဖြစ်ကြောင်း သိရသည်။