မတ္တရာတွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၁ ဦး သေဆုံး၊ ဆိပ်ဖြူတွင် ဆိုင်ကယ် စီးလာသည့် လူငယ်များကို စစ်တပ်ကပစ်ခတ်မှု လူငယ် ၁ ဦး ကျည်ထိမှန် ဒဏ်ရာရ
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အောင်ကန်သာရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း Voice Of Mandalay မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မတ္တရာမြို့ ဘောလုံကွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အောင်ကန်သာရွာကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၁ ဦး သေဆုံးကာ ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာပါ။ သေဆုံးသူ အမည်ကိုတော့ မသိရသေးဘူး” ဟု Voice Of Mandalay မှ တာဝန်ရှိသူ က ပြောဆိုသည်။
အလားတူ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင်လည်း ဆိုင်ကယ် စီးလာသည့် လူငယ်များကို အကြမ်းဖက် စစ်တပ်က လိုက်လံပစ်ခတ်ရာ ၁ ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း Young Revolution Front အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ အနောက်ဘက်ဂိတ်စောင့် အကြမ်းဖက် စစ်သားများက ဆိုင်ကယ်စီးလာသည့် လူငယ်များကို လိုက်လံပစ်ခတ်ရာ လူငယ်ကျည် ၁ ထိမှန်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်နဲ့လမ်းမှားပြီး မောင်းနှင်လာတဲ့ ဆိုင်ကယ် ၂ စီးကိုလည်း ကပစ ၂၂ အနောက်ဘက် ဂိတ်စောင့် စစ်ခွေးတွေက ရမ်းသမ်း ပစ်ခတ်လိုက်လို့ ဆိုင်ကယ်မောင်းနှင်လာတဲ့ လူငယ် ၁ ဦး ဗိုက်ပျော့နေရာကို ကျည်ထိမှန်ပြီး ၆ ချက် ချုပ်ထားရတယ်” ဟု Young Revolution Front အဖွဲ့မှ တာဝန်ရှိသူ က ပြောဆိုသည်။