ရန်ကုန်၊ မေ ၁၇
ရှမ်း-ကရင်နီအစပ်၊ ဖယ်ခုံအခြေစိုက် စကခ ၇ လက်အောက်ခံ တပ်ရင်းများက ယမန်နေ့ မေလ ၁၇ ရက် ညပိုင်းတွင် ပစ်ခတ်သော လက်နက်ကြီးကျည်များသည် မိုးဗြဲအင်းအတွင်းရှိ လွယ်ပန်းစုံကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။
လက်နက်ကြီးများသည် လွယ်ပန်းစုံကျေးရွာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းတွင် နေထိုင်သော အမျိုးသား ၂ ဦး ကျည်ထိမှန် ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။
မေလ ၁၆ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား မိုးဗြဲအင်းအရှေ့ဘက်ကမ်း ဆောင်နန်ခဲကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေပိုင်းတွင် စစ်ကောင်စီတပ်က ဆောင်နန်ခဲကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။
မိုးဗြဲအင်း အရှေ့ဘက်ကမ်းရှိ ထီရိကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ ဂိတ်စခန်းကို မေလ ၁၂ ရက် နံနက် အစောပိုင်းတွင် ကရင်နီပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရှင်းလင်းပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် အင်အားများဖြည့်တင်းကာ PNO ပြည်သူ့စစ်အဖွဲ့နှင့်အတူ နယ်မြေရှင်းလင်းခြင်း စစ်ကြောင်းထိုးခြင်းများ ပြုလုပ်လျှက်ရှိသည်။
Photo – ဖယ်ခုံ PDF တပ်ရင်း ၂