27 C
Yangon

သန်လျင်နှင့်အင်းစိန်တွင် ဆိုင်ကယ်များ စစ်တပ်က ပစ်ခတ်ဖမ်းဆီးမှုများ လုပ်ဆောင်၊ မည်သည့်နေရာမှ ဆိုင်ကယ်မစီးရဟု စစ်သားများ အော်ဟစ်ပစ်ခတ်

Must read

ရန်ကုန်၊ မေ ၁၈

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်နှင့်အင်းစိန်မြို့နယ်တွင် ယနေ့ ဆိုင်ကယ်များကို စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်၍ ရပ်တန့်ခိုင်းပြီး သိမ်းဆည်းခြင်းများ၊ မည်သည့်နေရာမှ ဆိုင်ကယ်မစီးရဟုဆိုကာ သိမ်းဆည်းမှုများလုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

မေလ ၁၈ ရက်နေ့ နံနက်အစောပိုင်းမှစတင်ပြီး သန်လျင်မြို့နယ်နေရာအများအပြားတွင် စစ်တပ်က ကင်းများ ချထားကာ ဆိုင်ကယ်များကို အတင်းအကျပ် လုယူဖမ်းဆီးနေသဖြင့် သန်လျင်တစ်မြို့လုံး အခက်အခဲတွေ့နေကြကြောင်း၊ သီလဝါ စက်မှုဇုန်တွင် အလုပ်ဆင်းသူအများစုမှာလည်း ဆိုင်ကယ်ဖြင့် သွားလာနေသူများဖြစ်ရာ ဆိုင်ကယ် စီးခွင့် မပြုဟုဆိုလာသဖြင့် အလုပ်မသွားနိုင်တော့ကြောင်း၊ ဆိုင်ကယ်ကယ်ရီ သမားအများစုလည်း ဒုက္ခရောက်နေကြကြောင်း သိရှိသည်။

“သန်လျင်တစ်မြို့လုံး အခက်တွေ့နေပါတယ်။ ဆိုင်ကယ်ကယ်ရီတွေလည်း ဆိုင်ကယ်တွေ အသိမ်းခံနေရတယ်။ သီ လဝါမှာ အလုပ်ဆင်းတဲ့သူတွေက ဆိုင်ကယ်နဲ့ဆင်းတာဆိုတော့ ဆိုင်ကယ်မစီးရတော့ အကုန်အလုပ်မဆင်းကြရပါဘူး။ ဆိုင်ကယ်စီးတာမြင်ရင် သေနတ်နဲ့ ပစ်မယ် မမြင်ချင်ဘူးဆိုပြီး စစ်သားတွေ သေနတ်တွေနဲ့ချိန်ပြီး လုပ်နေတာ။ မနက်ပိုင်းက လမ်းဘေးမှာရပ်ထားတဲ့ဆိုင်ကယ်တွေလည်း အကုန်စစ်ကားပေါ်တင်သိမ်းသွားပါတယ်။ တချို့ကယ်ရီသမားတွေဆိုရင် ငိုနေတာ” ဟု သန်လျင်ဒေသခံတစ်ဦးက ပြောသည်။

အလားရန်ကုန်တိုင်းအင်းစိန်မြို့နယ်တွင်လည်း ဆိုင်ကယ်များကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးနေသည်ဟု သိရှိရသည်။

“အင်းစိန်ပေါက်တောဝမှာဆိုင်ကယ်တွေကိုပစ်ဖမ်းနေတယ်။ တချို့ဆိုလည်း ဆိုင်ကယ်ကို ဆင်းတွန်းခိုင်းပြီးနားရင်းပါအုပ်တယ်။ စစ်သားတွေက ပထမအကျော့မှာ ဆိုင်ကယ် ၈စီးလောက်ပါသွားတယ်။ ဆိုင်ကယ် ကယ်ရီသမားတွေလည်း အကုန်ပြန်ပြေးလာကြပြီ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီသည် ယမန်နေ့ သမိုင်းလမ်းဆုံ လုံခြုံရေးဂိတ်ကို ဗုံးဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ပွားပြီးနောက် ဆိုင်ကယ်များကို ပစ်မှတ်ထား ဖမ်းဆီးမှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နှစ် အကြမ်းဖက်စစ်ကောင်စီတပ်များက ပြည်သူများ၏ ဆိုင်ကယ်များကို လုယက်စဉ် မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article