27 C
Yangon

ငဖဲတွင် အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဦးတည်လာသည့် စစ်တပ် စစ်ကြောင်း ၂ ခုကို တိုက်ခိုက်မှု စစ်သား ၁၇ ဦးအရှင်မိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ငဖဲတွင် အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဦးတည်လာသည့် စစ်တပ် စစ်ကြောင်း ၂ ခုကို တိုက်ခိုက်မှု စစ်သား ၁၇ ဦးအရှင်မိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဦးတည် ချီတက်နေသည့် စစ်တပ် စစ်ကြောင်း ၂ ခုကို ၃ ရက်ဆက် ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၇ ဦးအရှင်မိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကာ တပ်ပျက်၍ ထွက်ပြေးနေသော စစ်သားများကိုလည်း လိုက်လံဖမ်းဆီးနေကြောင်း Chin Defence Force – Asho တပ်ဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၅ ရက်မှ ၂၇ ရက်နေ့ထိ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အကြမ်းဖက် စစ်သား အင်အား ၉၀ ခန့်ပါဝင်သော စစ်ကြောင်း ၂ ကြောင်းကို အမ်း-ပဒါန်း လမ်းမအနီး၊ ပျဉ်းဝ စစ်ဆေးရေးဂိတ် အနောက်ဘက်မီတာ ၁၅၀၀ ကျော်ခန့်တွင် ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho ) က ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း စစ်ကောင်စီ တပ်သားတချို့ အသာတကြည် လက်နက်အပ် အလင်းဝင်သူများရှိခဲ့ပြီး တချို့မှာ တပ်ပျက်၍ ခြေဦးတည်ရာ ထွက်ပြေးသွားကြောင်း၊ အဆိုပါ ထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံ တိုက်ခိုက်ရာ ၃ ရက်တာအတွင်း ၁၇ ဦး ထပ်မံ လက်ရ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အလင်းဝင်ရောက်ခဲ့သော စစ်ကောင်စီ တပ်သားများနှင့် ဖမ်းဆီးရမိသော စစ်ကောင်စီ တပ်သားများထံမှ လက်နက်ခဲယမ်းအများအပြားနှင့် စစ်အသုံးအဆောင်များစွာလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ထွက်ပြေး လွတ်မြောက်နေတဲ့ စစ်ကောင်စီ တပ်သား အရေအတွက်က ၂၀ ကျော်လို့ပဲ ခန့်မှန်းလို့ ရပါတယ်။ လက်ရှိထိ နယ်မြေရှင်းလင်းရေး ဝင်နေရဆဲမို့ သတင်းရရှိမှု လွဲမှားမှုတွေ မဖြစ်ရအောင် ပြည်သူတွေပါ ပူးပေါင်းပေးဖို့ လက်ရှိ အလင်းဝင်လာသူတွေရော ဖမ်းဆီး ရမိသူတွေရောရဲ့ စကားသံများအရ စစ်ကောင်စီဘက်မှာ ရပ်တည်ချင်သူ စစ်တိုက်ချင်သူမရှိ စိတ်ဓာတ်ပိုင်းဆိုင်ရာ အတော်လေး အားနည်းနေတယ်ဆိုတာကိုပဲ ပြည်သူတွေကို ပြောချင်တယ်” ဟု Chin Defence Force – Asho တပ်ဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောဆိုသည်။

လက်ရှိချိန်တွင် ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) သည် တပ်ပျက်၍ ထွက်ပြေးလွတ်မြောက်လျှက်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နယ်မြေရှင်းလင်းရှာဖွေ လျှက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article