27 C
Yangon

ရေဦးမြို့နယ်တွင် ကက္ကိုစု ကျေးရွာသား ၂ ဦးကို စစ်တပ်က ပစ်သတ်ပြီး မူးသာကုန်းရွာကို မီးရှို့ဖျက်ဆီး၊ ရေစကြိုတွင်လည်း စစ်တပ်က ပြည်သူ ၁ ဦးကို ပစ်သတ်

Must read

ရန်ကုန်၊ မေ ၁၈

စစ်ကိုင်းတိုင်း ခင်ဦးနှင့် ရေဦး မြို့နယ် အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၁၈ ရက်နေ့ နံနက်ပိုင်းက စတင်ကာ ဝင်ရောက် စီးနင်းပြီး ကက္ကိုစု ကျေးရွာသား ၂ ဦးကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း Khin U People Defense Force တပ်ဖွဲ့မှ တာဝန်ရှိသူ ဗိုလ်သံမဏိက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်သည် ကက္ကိုစုရွာကို ယနေ့ နံနက်ပိုင်းတွင် ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာများအတွင်း၌ သေနတ်များ ပစ်ဖောက်ခဲ့ပြီး ရွာထဲ၌ ပစ္စည်းပြန်လာယူသည့် ဒေသခံ ပြည်သူ ၂ ဦးကို ပစ်သတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

” နံနက်တုန်းက စစ်ခွေးတွေ ကက္ကိုစုရွာထဲကို ဝင်ရောက် ပတ်မွှေတယ် ဖျက်ဆီးတယ်။ အဲမှာ လက်လုပ် သေနတ် တစ်ခုတွေ့သွားလို့ သေနတ်တွေနဲ့ပစ်တယ် ပတ်ပြီးမွှေတယ်။ အဲမှာ ပြည်သူ ၂ ဦးက ရွာထဲမှာ ပစ္စည်းမေ့နေလို့ လာယူတာ အဲလာယူတဲ့ ၂ ဦးကို စစ်ခွေးတွေက တွေ့သွားပြီး လိုက်ပစ်တာ ပြည်သူ ၂ ဦးကျဆုံးသွားတယ်” ဟု ဗိုလ်သံမဏိကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ခင်ဦးနှင့် ရေဦးမြို့နယ်အစပ်ရှိ ရွာသာလေး၊ ကက္ကိုစု၊ မူးသာကုန်းနှင့် ဇိန့်ဇွန်းရွာများကို ဝင်ရောက် စီးနင်းနေခြင်းဖြစ်ကာ ညနေ ၃ နာရီခန့်တွင် မူးသာကုန်းရွာကို မီးရှို့နေကြောင်း KUPDF တပ်ဖွဲ့ထံမှ သိရသည်။

လက်ရှိချိန်တွင် အဆိုပါ ကျေးရွာ ၄ ရွာက ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးနေရပြီး ကျေးရွာအတွင်းရှိ ပျက်စီး ဆုံးရှုံးမှု အခြေအနေများကို အတည်မပြု နိုင်သေးကြောင်း သိရသည်။

အလားတူ အကြမ်းဖက် စစ်တပ်က မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသရှိ ကျောက်ဖူးရွာ ကျောင်းကြီး အနီးတွင် ပြည်သူတစ်ဦးကို ယနေ့ မေလ ၁၈ ရက်နေ့တွင် စစ်တပ်က ရိုက်နှက် ဖမ်းဆီး ပစ်သတ်ခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သည့် Yay lal Kyun News အဖွဲ့ထံမှ သိရသည်။

” ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးတွေ ကျောက်ဖူး ကျောင်းကြီး ခေါင်းရင်းမှာ ပြည်သူအမျိုးသား တစ်ဦးကို ရိုက်နှက်ပြီး နားထင်‌တေ့ ပစ်သတ်သွားတယ်။ သေဆုံးသူ မည်သူ မည်ဝါ ဆိုတာတော့ မသိရသေးဘူး” ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် ဒေသခံ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးနေရပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာများ အနီးအနား၌ ကင်းပုန်းများ ချထားသောကြောင့် ပြည်သူများ ကျေးရွာအတွင်းသို့ ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိသေးဘဲ ပျက်စီးဆုံးရှုံးမှု အခြေအနေများကို အတည်မပြု နိုင်သေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article