ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှု ပြည်သူ ၂ ဦး ဒဏ်ရာရ၊ စစ်တပ်က စစ်မှုထမ်းကြေး တစ်ဦးကို ငွေကျပ် သိန်း ၃၀ တောင်းခံနေ
ရန်ကုန်၊ ဇန်နဝါရီ ၆
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုကပြောဆိုသည်။
လယ်ဒိုမြို့နယ်တွင် ဇန်နဝါရီ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၈ မိနစ်ခန့်တွင် ကွင်းချောင်း၀၌ အခြေစိုက် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်က ၈၁ မမ လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ရာ ခိုလိုကျေးရွာနှင့် ဖျံတလင်းကျေးရွာ အကြားတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၄ နာရီ ၁၈ မိနစ်ခန့်တွင် ကွင်းချောင်းဝရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၁၂၂ မမ လက်နက်ကြီး ၁ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ ကျောက်စရစ်အနောက်ဘက်ကို ကျရောက် ပေါက်ကွဲခဲ့ပြီး ၎င်းကျေးရွာတွင် နေထိုင်သည့် အသက် ၁၅ နှစ်အရွယ် မောင်ချစ်မင်းအောင် ကျောကုန်းတွင် လက်နက်ကြီး ကျည်စထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ဇန်နဝါရီလ ၂ ရက်နေ့တွင် စဉ့်အိုးလှ၌ အခြေစိုက်နေထိုင်သော အကြမ်းဖက် စစ်တပ်မှ ဗိုလ်လေးအဆင့်ရှိ ကျော်ထွန်းသည် ပြည်သူစစ်မှုထမ်းရန် လှည်းစုကျေးရွာ၊ ဗောဓိကွင်းကျေးရွာ၊ ဖိုးအိမ်စု ကျေးရွာ၊ သင်္ဃန်းကျောင်းကျေးရွာနှင့် ဖျံတလင်းကျေးရွာ တို့မှ တစ်ရွာလျှင် ၁ ဦးနှုန်း စစ်မှုထမ်းရန် ပြောဆိုခဲ့ပြီး စစ်မှုမထမ်းလျှင် ၁ ဦးကို မြန်မာငွေ ကျပ်သိန်း ၃၀ ဒဏ်ကြေးပေးဆောင်ရမည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၅ မိနစ်ခန့်တွင် ကွင်းချောင်း၀၌ အခြေစိုက်နေထိုင်သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ၁၂၂ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ အင်တိုင်းကုန်းကျေးရွာအတွင်းတွင် ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာတွင် နေထိုင်သည့် အသက် ၂၂ နှစ်အရွယ် နော်ဝါးဝါးဖော ထိခိုက် ဒဏ်ရာရရှိကာ နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
မူးမြို့နယ်တွင် ဇန်နဝါလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်နှင့် ၄၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးသီး ၄ လုံး စောခီကျေးရွာနှင့် ထီးခို ကျေးရွာတို့ကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။