27 C
Yangon

ကနီမြို့နယ်ရှိ ကျေးရွာ ၃ ရွာတွင် စစ်တပ်၏ မီးတင်ရှို့မှုကြောင့် နေအိမ် ၂ဝဝ ကျော် မီးလောင်ပြာကျ၊ ရေစကြိုတွင်လည်း စစ်တပ်က ကျေးရွာ ၁၇ ရွာမှ နေအိမ် ၁၆၃ လုံးကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ မေ ၂ဝ

စစ်ကိုင်းတိုင်း ကနီမြို့နယ် ချင်းတွင်းမြစ် အရှေ့ဘက်ခြမ်းရှိ နတ်ကြီးရွာ၊ ရွာသာရွာနှင့် ဝက်ချောင်းရွာတို့ကို အကြမ်းဖက် စစ်တပ်က မေလ ၁၉ ရက်နေ့ ဝင်ရောက် စီးနင်းခဲ့ပြီး နေအိမ် အလုံး ၂ဝဝ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စစ်တပ်က နတ်ကြီးရွာကို ယမန်နေ့နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသာရွာနှင့် ဝက်ချောင်းရွာကို ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှ စတင်ကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” စစ်ခွေးတွေက မနေ့က ကျေးရွာတွေကို မီးရှို့တယ်။ ချင်းတွင်းမြစ် အရှေ့ဘက် အခြမ်းမှာရှိတဲ့ နတ်ကြီးကျေးရွာကို ဒုတိယ အကြိမ် မီးရှို့ပြီး ရွာသာကျေးရွာနဲ့ ဝက်ချောင်းကျေးရွာတို့က်ိုလည်းမီးတင်ရှို့ပါတယ်။ ချင်းတွင်းမြစ်ကြောင်း လုံ ခြုံရေး အကြောင်းပြပြီး စစ်ခွေးတွေက တစ်ရွာဝင် တစ်ရွာထွက် မီးရှို့နေတာပါ။ ပြည်သူတွေကတော့ အထိအခိုက်မရှိဘူး။ ဒီစစ်ခွေးတွေ လာတာကို သိလို့ ကြိုတင်ပြီး ရှောင်နေတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို မေလ ၇ ရက်နေ့မှ မေလ ၁၈ ရက်နေ့ထိ ၁၂ ရက်တာ အတွင်း ကျေးရွာ ၁၇ ရွာမှ ပြည်သူပိုင်နေအိမ် နေအိမ် ၁၆၃ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေလယ် ကျွန်းဒေသ ပြည်သူ့ ကာကွယ်ရေး တပ်ပေါင်းစု တပ်ရင်းထံမှ သိရသည်။

ရွှေလှံရွာမှ ပြည်သူပိုင် နေအိမ် ၃ လုံး၊ သာဂေါင်ရွာမှ ပြည်သူပိုင် နေအိမ် ၁ လုံး၊ ဖြုံဘူးရွာမှ ပြည်သူပိုင် နေအိမ် ၂ လုံး၊ မိဖုရားရွာမှ ပြည်သူပိုင် နေအိမ် ၁၁ လုံး၊ မဲကုန်းရွာမှ ပြည်သူပိုင် နေအိမ် ၂၃ လုံး၊ ဆည်သည့်ရွာမှ ပြည်သူပိုင် နေအိမ် ၈ လုံး၊ မြေစွန်းရွာမှ ပြည်သူပိုင် နေအိမ် ၁၁ လုံး၊ ငတရော်ရွာမှ ပြည်သူပိုင် နေအိမ် ၇ လုံး၊ မိုးကြဲရွာမှ ပြည်သူပိုင် နေအိမ် ၁၇ လုံး၊ တောင်ကုန်းရွာမှ ပြည်သူပိုင် နေအိမ် ၉လုံး၊ ကိုင်းရွာမှ ပြည်သူပိုင် နေအိမ် ၇ လုံး၊ လှေခုတ်ရွာမှ ပြည်သူပိုင် နေအိမ် ၁၈ လုံး၊ မင်းရွာမှ ပြည်သူပိုင် နေအိမ် ၁ လုံး၊ ဘိုကုန်းရွာမှ ပြည်သူပိုင် နေအိမ် ၁ လုံး၊ ကံဦးရွာမှ ပြည်သူပိုင် နေအိမ် ၂ဝ လုံး၊ ကျောက်ဖူးရွာမှ ပြည် သူပိုင် နေအိမ် ၁ လုံးနှင့် ကြွယ်ကုန်းရွာမှ ပြည်သူပိုင် နေအိမ် ၂၃ လုံးကို စစ်တပ်က မီးရှို့ ဖျက်ဆီး ခဲ့ကြောင်း ရေလယ် ကျွန်းဒေသ ပြည်သူ့ ကာကွယ်ရေး တပ်ပေါင်းစု တပ်ရင်းမှ ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ယမန်နေ့ အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သော ရွာသာကျေးရွာ မီးလောင်မှုမြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article