ပခုက္ကူမှ မြိုင်မြို့နယ်သို့ ရိက္ခာပို့သည့် စစ်ယာဉ်တန်း လမ်းတစ်လျှောက် တိုက်ခိုက်ခံနေရ၍ ဒဏ်ရာရစစ်သားများအတွက် ရဟတ်ယာဉ်ဖြင့် ဆေးဝါး ပြန်ပို့ပေးနေရ
မကွေးတိုင်း၊ ပခုက္ကူမှ မြိုင်မြို့နယ်သို့ ရိက္ခာလာပို့သည့် စစ်ယာဉ်တန်းကို လမ်းတစ်လျှောက် တော်လှန်ရေးတပ်များက လိုက်လံ တိုက်ခိုက်နေ၍ အဆိုပါစစ်ကြောင်းမှ ဒဏ်ရာရ စစ်သားများအတွက် ဆေးဝါးများကို ရဟတ်ယာဉ်ဖြင့် ပြန်လည် ပေးပို့နေရကြောင်း ပခုက္ကူခရိုင် တပ်ရင်း ၁၇ Drone တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။
ဇန်နဝါရီလ ၇ ရက်နေ့မှ စတင်၍ ပခုက္ကူမှ မြိုင်မြို့နယ်အတွင်းသို့ ရိက္ခာပို့ရန် ထွက်လာသည့် စစ်ကား အစီး ၂၀ ခန့်နှင့် အင် အား ၃၀၀ ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များ မြိုင်-ပခုက္ကူ လမ်းပိုင်းတစ်လျှောက်တွင် နေ့စဉ် လိုက်လံ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီလ ၉ ရက်နေ့တွင်လည်း အဆိုပါ ရိက္ခာပို့စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက တစ်နေကုန် ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှု များပြားကြောင်း သိရှိရသည်။
ယင်းစစ်ကြောင်းသည် လက်ရှိချိန်တွင် ပခုက္ကူ-မြိုင် ကားလမ်းအတိုင်း ထွက်ခွာနိုင်ခြင်းမရှိဘဲ ကျေးရွာများမှ ပတ်၍ သွားလာနေရပြီး ကျေးရွာများအတွင်းသို့လည်း ဝင်ရောက် စီးနင်း မီးရှို့နေခြင်းကြောင်း၊ ထို့ကြောင့် ရွာပေါင်း ၂၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများလည်း ဘေးလွတ်ရာထွက်ပြေးနေရကြောင်း သိရသည်။
တော်လှန်ရေး တပ်ဖွဲ့များ၏ လမ်းတစ်လျှောက် လိုက်လံတိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုများပြားနေကြောင်း၊ ထို စစ်ကြောင်းမှ ဒဏ်ရာရ စစ်သားများအတွက် ဆေးဝါးများကို ရဟတ်ယာဉ်ဖြင့် ကျဲချ ပို့ဆောင်နေရကြောင်း သိရှိရသည်။
“ပခုက္ကူကနေ မြိုင် ကိုသွားတဲ့ စစ်ကြောင်းပါ။ ရိက္ခာနဲ့ လက်နက် ပို့ဆောင်တဲ့ စစ်ကြောင်း အင်အား ၃၀၀ ခန့် ရှိပါတယ်။ ခြေလျင် တစ်ကြောင်းနဲ့ ကားတန်း တစ်ကြောင်း နဲ့ နှစ်ကြောင်းပေါင်းပြီ ထွက်ခဲ့တာပါ။ ပခုက္ကူ တပ်မ ၁၀၁ က ထွက်လာတဲ့ စစ်ကြောင်းပါ။ အင်အား ၃၀၀ နီးပါး ကားတန်း အစီး ၂၀ ပါ မြိုင်နယ်မှာရှိတဲ့ စကစအခြေစိုက်စခန်းတွေကို ရိက္ခာပို့လာတဲ့စစ်ကြောင်းပါ။ လမ်းတစ်လျှောက် တော်လှန်ရေး တပ်ဖွဲ့တွေက လိုက်လံ တိုက်ခိုက်နေတာပေါ့။ မြိုင်မြို့ထဲကို စစ်ကြောင်းဝင်သွားတာနဲ့ Y-12 နဲ့ အထုပ် ၁၂ ထုပ် ချသွားပါတယ်။ စစ်ကြောင်းကို လမ်းတစ်လျှောက် တိုက်ခိုက်နေတာဆိုတော့ အထိအခိုက်တော့များနိုင်တယ်” ဟု ပခုက္ကူခရိုင် တပ်ရင်း ၁၇ Drone တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ဇန်နဝါရီလ ၉ ရက်နေ့ တိုက်ခိုက်မှုကို ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းနှင့်အတူ မဟာမိတ် Drone တပ်ဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- တော်လှန်ရေးတပ်များက စစ်တပ်စစ်ကြောင်းများကို တိုက်ခိုက်နေစဉ်။