မိုးညိုတွင် နတ်ပွဲသွားကြည့်သူ အသက် ၃၀ အရွယ် ကိုအောင်အောင်ကို စစ်တပ်က စစ်မှုထမ်း တပ်သားသစ် အဖြစ်ပေါ်တာဆွဲ ဖမ်းဆီး ၊ တောင်ငူတွင်လည်း ဗိုလ်မှူးမြင့်ဇော်က လူငယ်များကို ဖမ်းဆီးပြီး စစ်မှုထမ်းလူစားထိုးရန် အရောင်းအဝယ်လုပ်
ရန်ကုန်၊ ဇန်နဝါရီ ၁၂
ပဲခူးတိုင်း၊ မိုးညိုမြို့နယ်၊ ဇင်းချောင်းကျေးရွာအုပ်စု၊ ဇင်းချောင်းကျေးရွာတွင် နတ်ပွဲသွားကြည့်သူ အသက် ၃၀ အရွယ် ကိုအောင်အောင်ကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၀ ရက်နေ့ ပဲးခူးတိုင်း၊ မိုးညိုမြို့နယ်၊ ဇင်းချောင်းအုပ်စု၊ ဇင်းချောင်းကျေးရွာမှ ကိုအောင်အောင်သည် နတ်ပွဲသွားကြည့်ရင်း စစ်တပ်၏ ဖမ်းဆီးမှုကို ခံလိုက်ရကြောင်း၊ စစ်တပ်က စစ်မှုထမ်းအပတ်စဉ် ၉ အတွက် ပေါ်တာဆွဲ ဖမ်းဆီးခြင်း ဖြစ်သည်ဟု မိသားစုထံသို့ အကြောင်းကြားကြောင်း သိရှိရသည်။
“နတ်ပွဲသွားကြည့်ရင်း အဖမ်းခံရတာ။ ဖမ်းဆီးတာက ပြည်သူ့စစ်ခွေးတွေပေါ့။ ကိုအောင်အောင်က အသက် ၃၀ အရွယ်ပါ။ အလုပ်အကိုင်က ပန်းရံလုပ်ပါတယ်။ အဖေမရှိပါဘူး။ အမေနဲ့ ညီမကို သူက လုပ်ကိုင်ကျွေးမွေးနေတာပါ” ဟု မိတ်ဆွေတစ်ဦးက ပြောဆိုသည်။
အလားတူ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်တွင်လည်း ဗိုလ်မှူး မြင့်ဇော် ဦးစီးသော စစ်ကောင်စီ တပ်သားများက လူငယ်များကို ဖမ်းဆီး ငွေညှစ်မှုများ၊ လူစားထိုး အရောင်းအဝယ်လုပ်ခြင်းများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
တောင်ငူမြို့နယ် အတွင်းရှိ ကျေးရွာများမှ မြို့ပေါ်လာရောက် အလုပ်လုပ်ကိုင်သည့် လူငယ်များ၏ စာရင်းကို အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများက စောင့်ကြည့်၍ အကြမ်းဖက် စစ်တပ်ထံ နေ့စဉ် သတင်းပေးပို့ရပြီး တောင်ငူမြို့၏ လုံခြုံရေး တာဝန်ကျ နေသော ဗိုလ်မှူး မြင့်ဇော် နှင့် စစ်ကောင်စီ တပ်သားများက လူငယ်များ အလုပ်လုပ်ကိုင်နေရာများထိ လိုက်လံ ဖမ်းဆီး၍ ငွေညှစ်နေခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးပြီးနောက် ဗိုလ်မှူး မြင့်ဇော်က လူငယ် ၁ ဦးလျှင် ငွေကျပ် ၇၅ သိန်းဖြင့် မိသားစုဝင်များကို ပြန်ရွေးခိုင်းပြီး ငွေကြေး မပေးနိုင်သည့် လူငယ်များကို စစ်တပ်ထဲ အတင်းအဓမ္မ ဝင်ရောက်ခိုင်းကြောင်း သိရှိရသည်။
“တောင်ငူမှာ လူငယ်တွေ နေ့စဉ် ဆက်တိုက် ပေါ်တာဆွဲ ဖမ်းဆီးခံနေရတယ်။ လူငယ်တွေကို နေရာတိုင်းမှာ ပေါ်တာဆွဲ ဖမ်းဆီးနေတာ ၁ ဦးကို ငွေကျပ် ၇၅ သိန်းနဲ့ ပြန်ရွေးခိုင်းတယ်။ အဲတာကို ဗိုလ်မှူး မြင့်ဇော် ကိုယ်တိုင်ဆင်းဖမ်းပြီး စီးပွားရှာနေတာ စစ်မှုထမ်း အမည်စာရင်း ထွက်ထားတဲ့ လူငယ်တွေကော လမ်းမှာ တွေ့တဲ့လူငယ်တွေကေေ အကုန်ဆွဲပြီး ပိုက်ဆံတောင်းနေတာ သူတို့ ပေါ်တာဆွဲ ဖမ်းဆီးနိုင်ဖို့ အတွက် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေကိုယ်တိုင်က လူတို့ ရပ်ရွာထဲမှာ လူငယ်တွေ ဘယ်အချိန် အလုပ်သွားတယ်။ ဘယ်အချိန် အလုပ်ပြန်တယ်။ ဘယ်နေရာမှာ အလုပ်လုပ်တယ်ဆိုတာ စောင့်ကြည့်ရပြီး သတင်းပို့ရတယ်။ သူတို့စီ စာရင်းရောက်ပြီဆိုတာနဲ့ လူငယ်တွေ အလုပ်လုပ်တဲ့ နေရာတွေ အထိကို လိုက်ဖမ်းနေတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- မိုးညိုတွင် စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးခံရသည့် အသက် ၃၀ အရွယ် ကိုအောင်အောင်။